အမေရိကန်အစိုးရ ယာယီအသုံးစရိတ် အတည်ပြုချက်ရ

အမေရိကန်လွှတ်တော်၊ ဝါရှင်တန်ဒီစီ (Photo by Richard PIERRIN / AFP)

အမေရိကန်ပြည်ထောင်စုမှာ ရေတိုအသုံးစရိတ်ကို လွှတ်တော်က သောကြာနေ့နှောင်းပိုင်းမှာ အတည်ပြုနိုင်ခဲ့တာကြောင့် အစိုးရလုပ်ငန်းတွေ ယာယီရပ်ဆိုင်းမယ့် အခြေအနေကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။

လွှတ်တော် ၂ ရပ်လုံးမှာ သောကြာနေ့က အတည်ပြုနိုင်လိုက်တဲ့ အသုံးစရိတ်ဥပဒေအရ ပြည်ထောင်စုအစိုးရလုပ်ငန်းတွေ မတ်လအထိ လည်ပတ်နိုင်သွားပြီဖြစ်သလို၊ အရေးပေါ်ကယ်ဆယ်ရေးအတွက် ဒေါ်လာ ဘီလျံ ၁၀၀ သုံးစွဲဖို့နဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍက လယ်သမားတွေကို ထောက်ပံ့ဖို့ ဒေါ်လာ ၁၀ ဘီလျံ သုံးစွဲခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံသမ္မတ Donald Trump ဖယ်ရှားပေးဖို့ တောင်းဆိုနေတဲ့ အစိုးရအသုံးစရိတ် တိုးမြှင့်ရေး ကန့်သတ်ချက်ကိုတော့ ဖယ်ရှားပေးမထားပါဘူး။

ဒီသတင်းပတ် အစောပိုင်းက Democratic နဲ့ Republican ပါတီ ၂ ရပ်ပေါင်း သဘောတူခဲ့တဲ့ အသုံးစရိတ်မူကြမ်းကို ရွေးကောက်ခံသမ္မတ Donlad Trump လက်မခံတာကြောင့် ပထမတကြိမ် မဲခွဲစဉ် ပယ်ချခံရသလို၊ Republican အမတ်တွေ အကြိမ်ပြင်ဆင်တဲ့ ဒုတိယမူကြမ်းကိုလည်း အတည်မပြုနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ Christmas ပွဲတော်ကာလ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းပြီး ဝန်ထမ်းတွေ လခမရနိုင်မယ့် အရေးကနေ ကာကွယ်နိုင်ဖို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Republican အမတ် Mike Johnson က တတိယအကြိမ် ဦးဆောင် ပြင်ဆင်ပြီး သောကြာနေ့က မဲခွဲခဲ့တာမှာ အောက်လွှတ်တော်ရော အထက်လွှတ်တော်မှာပါ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်မှာ အတည်ပြုနိုင်တာနဲ့ ချက်ချင်းလက်မှတ်ထိုးမယ်လို့ သမ္မတ Joe Biden က အစောပိုင်းထဲက ပြောကြားထားပါတယ်။

အစိုးရလုပ်ငန်းတွေ ထိရောက်စေရေး စိစစ်ဆောင်ရွက်ဖို့ တာဝန်ပေးမယ်လို့ Trump ပြောထားတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဟာ ဒီမိုကရက်အမတ်တွေနဲ့ မူလသဘောတူထားတဲ့ အသုံးစရိတ်မူကြမ်းကို မထောက်ခံဖို့ Republican လွှတ်တော်အမတ်တွေကို တောက်လျှောက် ဖိအားပေးခဲ့ပါတယ်။ တကယ်လို့သာ သောကြာနေ့မှာ အသုံးစရိတ်မူကြမ်းကို လွှတ်တော် ၂ ရပ်လုံးမှာ အတည်မပြုနိုင်ခဲ့ရင် အသုံးစရိတ် မရှိတော့တဲ့အတွက် အစိုးရလုပ်ငန်းတချို့ကို ယာယီရပ်ဆိုင်းထားရမှာ ဖြစ်ပါတယ်။