မြန်မာဘဏ်တချို့ အမေရိကန်ဘဏ္ဍာ ဝန်ဆောင်ခွင့်ပြု

အရင် စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးတေဇ နဲ့ ဦးဇော်ဇော်တို့ပိုင်တဲ့ ဘဏ်တချို့ ကို အမေရိကန်ပြည်ထောင်စုနဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေး လိုက်ပေမဲ့ ဒီလူတွေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေကတော့ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ် ဆို့မှု စာရင်းထဲမှာ ဆက်ပြီး ရှိနေဦးမှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ပြောပါတယ်။ အခု အမေရိကန် ပြည်ထောင်စုက ငွေကြေး ထုတ်သွင်းခွင့်လိုင်စင် ထုတ်ပေးလိုက်တဲ့အထဲမှာ ဘယ်ဘဏ်တွေ ပါဝင်ပါလဲ။ ဘာကြောင့် သူတို့ကို ခုလို ခွင့်ပြုလိုက်တာလဲ ဆိုတာတွေကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းက စီးပွားရေးဘဏ်လေးခုကို General Licenseလို့ အမေရိကန်ပြည်ထောင်စု နဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုလိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန၊ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က မနေ့က ကြေညာချက် ထုတ်ပြန် လိုက်တာပါ။ အခု ငွေကြေးထုတ်သွင်း ခွင့် ပြုလိုက်တဲ့ဘဏ်တွေထဲမှာ မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တွေနဲ့အတူ အရင် မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးတေဇ ပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် နဲ့၊ ဦးဇော်ဇော်ရဲ့ မက်ဇ်မြန်မာကုမ္ပဏီပိုင် ဧရာဝတီဘဏ်တွေလည်း ပါဝင်ပါတယ်။

ခုလို ငွေကြေးထုတ်သွင်းခွင့် ပြုလိုက်တာဟာ အမေရိကန် ကုမ္ပဏီတွေနဲ့ အစိုးရလက်အောက်ခံ မဟုတ်တဲ့ အန်ဂျီအိုအဖွဲ့တွေရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ အဆင်ပြေ လွယ်ကူစေဖို့ အတွက် သာ ဖြစ်ပြီး အရင် မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆိုမှုတွေကိုတော့ ဆက်ပြီး ချမှတ်သွားမှာ ဖြစ်တယ်လို့ အမေရိကန် အမေရိကန် ဘဏ္ဍာရေးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ပြောခွင့်ရသူ John Sullivan က VOA ကို ပြောပါတယ်။

“ဒီဘဏ်တွေကို ငွေကြေးထုတ်သွင်းခွင့်ပြုတာကအရေးကြီးတဲ့ကိစ္စဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်အောင် ကောင်းတဲ့ဘက်က တွန်းအားပေးနိုင်တယ်လို့ ထင်ပါတယ်။ မြန် မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံချင်တဲ့ အမေရိကန်ကုမ္ပဏီတွေနဲ့ အစိုးရလက်အောက်ခံ မဟုတ်တဲ့ NGO အဖွဲ့တွေရဲ့လုပ်ငန်းတွေ အဆင်ပြေလွယ်ကူစေဖို့လည်း ဖြစ်ပါတယ်။ ဒါတွေ အားလုံးက မြန်မာပြည်သူတွေ အတွက် အကျိုးဖြစ်လာစေမယ့် အရာတွေပါ။ ဒီဘဏ်တွေနဲ့ ဒီဘဏ်တွေကိုပိုင်တဲ့ အရင်စစ်အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ထား အရေးယူပိတ်ဆို့တဲ့ စာရင်းထဲမှာ ဆက်ပြီးတော့ ရှိနေအုံးမှာပါ။ ဒီလူတွေနဲ့ဘဏ်တွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ဖယ်ရှားလိုက်တာ မဟုတ်ပါဘူး။ ဒီ general လိုင်စင်က အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု လုပ်ကိုင်ချင်လာအောင်နဲ့ NGO အဖွဲ့တွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လာရောက်လုပ်ကိုင်ချင်အောင် အားပေးတဲ့သဘောပါ။”

မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ်မှာ အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်နေသလို အခုလို စောင့်ကြည့်ဆဲကာလမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မြန်မြန်ဆန်ဆန်ကြီး ရုပ်သိမ်းသွားမှာ မဟုတ်ပါဘူးလို့လည်း ပြောခွင့်ရသူက ပြောပါတယ်။

“ဒီဘဏ်တွေနဲ့ ခရိုနီတွေကို ပိတ်ဆို့မှု၊ ဒဏ်ခတ်မှုစာရင်းထဲကနေ လက်ရှိအခြေအနေမှာ ထုတ်ပစ်ဖို့ ဆိုတာကတော့ စောသေးတယ်လို့ ကျနော်တို့လည်း ထင်ပါတယ်။ သူတို့ကို ပိတ်ဆို့မှုစာရင်းထဲ ဆက်ထားတာကရော အခု General လိုင်စင် ထုတ်ပေးထားတာတွေကရော ဒဏ်ခတ်ပိတ်ဆို့ မှုတွေကိုဒ ဖြည်းဖြည်းချင်းသာ ဖြေလျှော့ပေးသွားမယ်ဆိုတဲ့ ကျနော်တို့ရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြောင်းလဲမှုတွေ ဖြစ်လာအောင် တွန်းအားပေးဖို့ ဖြစ်ပါတယ်။”

အမေရိကန်အစိုးရအနေနဲ့ အခုလို မြန်မာနိုင်ငံက ဘဏ်တွေကို ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေ ပေးလိုက်တာဟာ မြန်မာလူထုအကျိုးကို ရှေ့ရှုပြီးဆောင်ရွက်တာသာ ဖြစ်တယ်လို့လည်း မစ္စတာ ဆူလေဘန်က ပြောပါတယ်။ တကယ်လို့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီစံနစ်ကို ဆန့်ကျင်တဲ့ နောက်ကြောင်းပြန်လုပ်ရပ်တွေ လုပ်လာမယ်ဆိုရင်လည်း ဒီခွင့်ပြုချက်ကို အချိန်မရွေး ပြန်ရုပ်သိမ်းသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

“ဒါဟာ မြန်မာပြည်သူတွေအတွက် အကောင်းဆုံးကို ရှေ့ရှုဆောင်ရွက်တာလို့ ကျနော် ယုံကြည်ပါ တယ်။ အခု General လိုင်စင် ထုတ်ပေးတယ်ဆိုတာ ကျနော်တို့အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးလိုက်တာ မဟုတ်ဘူးဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း နားလည်စေချင်ပါတယ်။ General လိုင်စင် ထုတ်ပေးရုံသာဖြစ်ပြီးတော့ ဥပေဒကြောင်းအရ အရေးယူ ပိတ်ဆို့မှုတွေ ပြန်လုပ်နိုင်တဲ့ အနေအထားကိုတော့ ဆက်ပြီးတော့ ထိန်းသိမ်းသွားမှာပါ။ တကယ်လို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်တဲ့ လုပ်ရပ်တွေကို လုပ်လာတာကို တွေ့မယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ General လိုင်စင်ကို အချိန်မရွေး အမြန်ဆုံး ပြန်ရုပ်သိမ်းနိုင်ပါတယ်။”

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစလို့ စတင်ဆောင်ရွက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံ အတော်များများ က မြန်မာနိုင်ငံမှာ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ချပေး လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လက စပြီးတော့ လျှော့ပေါ့ပေးလာခဲ့တာ ဖြစ်သလို မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ မြန်မာ စီးပွားရေးဘဏ်တွေကို ဘဏ္ဍရေးဆိုင်ရာ ဝန်ဆောင်မှုတွေ လုပ်ကိုင်ခွင့်ပြုလာတဲ့ အထိပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက အဆင့်မြင့် သံကိုယ်စားလှယ်အဖွဲ့တွေ ဒီရက်ပိုင်း မြန်မာနိုင်ငံကို ရောက်ရှိနေ ချိန်မှာ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ မြန်မာနိုင်ငံက ဘဏ်တွေအပေါ် အခုလို ငွေကြေး ထုတ်သွင်းခွင့်ပြုတဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။