အီရတ်တဝန်း တိုက်ခိုက်မှုတွေကြောင့် လူ ၁၀၆ ဦး သေဆုံး

အီရတ်နိုင်ငံ၊ မက်ဒီယန်မြို့အတွင်း ဗုံးခွဲတိုက်ခိုက်မှုမြင်ကွင်း။ ဇူလိုင်လ ၂၃၊ ၂၀၁၂။

ဇူလိုင်လ ၂၃ ရက်နေ့၊ တနင်္လာနေ့က အီရတ်နိုင်ငံတဝှမ်း အနည်းဆုံး မြို့ပေါင်း ၁၅ မြို့မှာ သူပုန်တွေက အကြိမ်ပေါင်းများစွာ ဆက်တိုက် ဗုံးခွဲတိုက်ခိုက်မှုတွေ၊ သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး လူ ၁၀၆ ဦး သေဆုံးပြီး လူ ၂၀၀ ကျော် ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ အီရတ်အရာရှိတွေက ပြောပါတယ်။

၂၀၁၀ ခုနှစ်၊ မေလ ၁၀ ရက်နေ့က တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီးတဲ့နောက် မနေ့က တိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေဟာ သွေးထွက်သံယို အများဆုံးဖြစ်ပါတယ်။ မနေ့ကအဆိုးဆုံး တိုက်ခိုက်မှုဟာ ဘဂ္ဂဒက်မြို့တော်ရဲ့ မြောက်ဘက် ၁၆ မိုင်အကွာ တာဂျီမြို့မှာ ဖြစ်ပွားခဲ့ပြီးတော့ လူ ၄၀ နီးပါး သေဆုံးသွားခဲ့ပါတယ်။

မနေ့က တိုက်ခိုက်မှုတွေမှာ သေနတ်သမားတဦးက အနောက်မြောက်ပိုင်းက စစ်စခန်းတခုမှာ ပစ်ခတ်လို့ အီရတ်စစ်သား ၁၅ ဦးသေဆုံးရမှုလည်း ပါဝင်ပါတယ်။

မြောက်ပိုင်းက ကာကပ်မြို့မှာ ဆက်တိုက် ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဘဂ္ဂဒက်မြို့တော်မှာ ကားဗုံးခွဲ တိုက်ခိုက်မှု တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ မနေ့က တိုက်ခိုက်မှုတွေအတွက် ဘယ်သူ ဘယ်ဝါ လက်ချက်ဖြစ်တယ် ဆိုတာကိုတော့ မသိရသေးပါဘူးခင်ဗျာ။