ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့အတူ လိုက်ပါလာတဲ့ ဝန်ကြီးတချို့ဟာ ရွေးကောက်ပွဲ အနိုင်ရ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) ခေါင်းဆောင်တွေနဲ့ အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ အကြောင်းစုံကို မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းနဲ့ ပို့ဆက်ဝန်ကြီး ဦးသိန်းဆွေတို့ဟာ RNDP ခေါင်းဆောင်တချို့နဲ့ စစ်တွေမှာ မနေ့က တွေ့ဆုံခဲ့ပြီး အခုတွေ့ဆုံမှုဟာ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အနိုင်ရ ပါတီတခုနဲ့ အစိုးရ တာဝန်ရှိသူတွေ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။ တွေ့ဆုံမှုကို ကြံ့ဖွတ်ပါတီ ခေါင်းဆောင်တွေ အနေနဲ့ တွေ့ဆုံတာမျိုး မဟုတ်ဘဲ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ ဝန်ကြီးတွေ အနေနဲ့ တွေ့ဆုံတယ်လို့ သဘောထားဖို့ ပြည်နယ်ကော်မရှင်က ကြိုတင်မှာကြားထားပါတယ်။ တွေ့ဆုံမှု အခြေအနေအပေါ် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က…
“ဝန်ကြီးတချို့နဲ့ တွေ့ပါတယ်။ တွေ့တဲ့အခါမှာလည်း ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးတဲ့ သဘောပါ။ သူတို့ကလည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အင်မတန် လိုလားပါတယ်တဲ့၊ တိုင်းရင်းသား ပါတီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကလည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားတယ်ဆိုတာ သူတို့သိပါတယ်။ အဲဒါကြောင့် သူတို့ဘက်က မေးမြန်းတဲ့အခါမှာလည်း ကျနော်တို့ရဲ့ ပါတီမူဝါဒကို ရှင်းပြပါတယ်။
“ကျနော်တို့ရဲ့ ဦးတည်ချက်မှာလည်း ပါပါတယ်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုရင် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနဲ့မဆို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန့်ကွက်မှု မရှိဘဲ ထောက်ပံ့သွားမယ်ပေါ့၊ ဒါ ဦးတည်ချက် အတိုင်းကို။ ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မဟုတ်ဘဲ ပြည်သူလူထုကို ထိခိုက်စေမယ့် လုပ်ငန်းမျိုး၊ အစီအစဉ်မျိုးဆိုရင် ပြည်သူ့ရှေ့က ပြည်သူ့ကိုယ်စားပေါ့နော်၊ တားဆီးမယ်၊ သုံးသပ်မယ်၊ ပြန်လည်ညှိနှိုင်းပြီး ကန့်ကွက်မယ် ဆိုတဲ့အကြောင်း ကျနော် တင်ပြပါတယ်။”
လက်ရှိမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီးရထားလမ်း ဖောက်တာကြောင့် ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးမှာ သမိုင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးမှု ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မနေ့က တွေ့ဆုံစဉ် RNDP က တင်ပြဆွေးနွေးခြင်း မရှိပေမဲ့ ပျက်စီးဆုံးရှုံးမှုတွေကို အသေးစိတ် လေ့လာပြီး တင်ပြသွားဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။
ဒီခရီးစဉ်ဟာ လတ်တလော ဖြစ်ပျက်နေတဲ့ ဂီရိမုန်တိုင်း ကယ်ဆယ်ရေးနဲ့ ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးမှုတို့နဲ့ ပတ်သက်နိုင်မယ်လို့ RNDP က သုံးသပ်ပါတယ်။
အခုခရီးစဉ်အရ ဦးသိန်းစိန်နဲ့အဖွဲ့ ရောက်တဲ့ မြို့နယ်တိုင်းက အခမ်းအနားတွေကို RNDP ရွေးကောက်ခံ ကိုယ်စားလှယ်တွေ တက်ဖို့ အောက်ခြေ အာဏာပိုင်တွေက ကြိုတင် အကြောင်းကြားထားပါတယ်။
“ကျနော်တို့ သိသလောက် ဒီနေ့ဆိုရင် ကျောက်ဖြူခရီးစဉ် ရှိပါတယ်။ ကျောက်ဖြူက Elected Persons တွေကလည်း ကျနော်တို့ကို Contact လုပ်ပါတယ်။ ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပါ။ နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာ Elected Body တွေကို ပြည်သူ့ရှေ့ကို ထွက်ပြီး လက်ဆွဲနှုတ်ဆက်မယ်ဆိုတာ ဒီမိုကရေစီ သဘောအရ မိတ်ဖက်ပြုတာပဲ။ ကျနော်တို့မှာ ဒီမိုကရေစီ သဘောအရ ရန်သူမဟုတ်ပါဘူးခင်ဗျ။ တွေ့ကြတယ်၊ လက်ဆွဲနှုတ်ဆက်ကြတယ်၊ Congratulation လုပ်ကြတယ်။
“ပါတီရှုံးရင်လည်း ဝမ်းပန်းတသာ နှုတ်ဆက်ကြတယ်ဆိုတာ အင်မတန် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းပါ။ ဆိုတော့ ကျနော်တို့က တက်ရမယ်၊ တက်ပါ၊ သူတို့ပြောတဲ့ စကားတွေ နားထောင်ပါ၊ လက်တွဲ လုပ်စရာတွေ ရှေ့မှာ အများကြီး၊ ရှေ့မှာ ညင်သာပျော့ပျောင်းတဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့ ကာလမို့လို့ ညှိနှိုင်း တိုင်ပင်ရမယ်လို့ ညွှန်ကြားထားပါတယ်။”
မနေ့က တွေ့ဆုံမှုမှာ ဒေသဖွံ့ဖြိုးရေး လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခဲ့တယ်လို့ RNDP က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ RNDP က ကိုယ်စားလှယ်လောင်း ၄၄ ဦး ယှဉ်ပြိုင်ခဲ့ပြီး ၃၅ ဦး အနိုင်ရခဲ့ပါတယ်။