ရွေးကောက်ပွဲရက်ရွှေ့ဖို့ ထိုင်းအာဏာရပါတီ ငြင်းဆို

ဘန်ကောက်မြို့မှာ ကြိုတင်မဲကောက်ခံမယ့် မဲရုံဝန်ထမ်းတွေ အလုပ်လုပ်နေမှုကို ဆန့်ကျင်ကန့်ကွက်နေကြစဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၄)

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ လလောက်အတွင်း လမ်းမတွေပေါ်မှာ ချီတက် ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ရာက မတည်ငြိမ်မှုတွေနဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စောကျင်းပဖို့ အစိုးရက စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို အနည်းဆုံး တစ်လလောက် နောက်ဆုတ်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်က တောင်းဆိုလိုက်ပါတယ်။

အဲဒီလို ရက်ရွှေ့ဆိုင်းတာဟာ ဥပဒေနဲ့ ညီညွတ်ကြောင်း ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အခြေခံဥပဒေ ခုံရုံးက ပြီးခဲ့တဲ့သောကြာနေ့မှာ ဆုံးဖြတ်ခဲ့ပေမယ့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နဝါရဲ့ အာဏာရ Puea Thai ပါတီအကြီးအကဲက အဲဒီလို ရက်ရွှေ့ဆိုင်းဖို့ တောင်းဆိုချက်ကို တနင်္လာနေ့မှာပဲ ပယ်ချလိုက်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ယင်းလပ်ရှင်နဝါနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ အင်္ဂါနေ့မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ ရာထူးကဆင်းပေးပြီး ရွေးကောက်တင်မြှောက်ထားခြင်းမရှိတဲ့ ကောင်စီကို အစိုးရအာဏာတွေ လွှဲပြောင်းပေးရေးအတွက် တောင်းဆိုနေကြတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ သီတင်းပတ်တွေနဲ့ချီ ဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းမှာ ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ စောကျင်းပဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။