လုပ်ကြံခံရဲအရာရှိ Liu ကို ရဲတပ်ဖွဲ့ဝင် ထောင်ချီ ဂုဏ်ပြု

ဒီဇင်ဘာအတွင်းက တာဝန်ချိန်မှာ ပစ်သတ်ခံခဲ့ရသူ ရဲအရာရှိ Wenjian Liu ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်လာသူ အမေရိကန်တဝှမ်းက ရဲတပ်ဖွဲ့ဝင်များ။ (ဒီဇင်ဘာ ၄၊ ၂၀၁၅)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရည်ရွယ်တိုက်ခိုက် ပစ်သတ်ခံခဲ့ရတဲ့ နယူးယောက်မြို့က ရဲအရာရှိ Wenjian Liu ရဲ့ ဈာပနအခမ်းအနားမှာ ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်ထောင်စု တဝှမ်းက ရဲတပ်ဖွဲ့ဝင်တွေ စုဝေးတက်ရောက် အလေးပြုခဲ့ကြပါတယ်။

ဈာပနအခမ်းအနားမှာ ဒီဇင်ဘာလကုန်ပိုင်းက တာဝန်ချိန်မှာ သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တဦးနဲ့အတူ ကင်းလှည့်နေတဲ့ကားအတွင်းမှာ ပစ်သတ်ခံခဲ့ရတဲ့ ရဲအရာရှိကို နယူးယောက်မြို့တော်ဝန် Bill de Blasio နဲ့ မိသားစုဝင်တွေက ချီးကျူးဂုဏ်ပြုစကားတွေ ပြောကြားခဲ့ကြပါတယ်။

အခမ်းအနားမှာ ရဲအရာရှိ Liu နဲ့ အိမ်ထောင် သက်တမ်း ၂ လသာ ပေါင်းသင်းရသေးတဲ့ သူ့ရဲ့ဇနီးသည်ဟာ သူမရဲ့ခင်ပွန်းသည် အကြောင်းပြောရင်း ဆို့နင့်သွားခဲ့ရှာပါတယ်။

ပစ်ခတ်မှုကို ကျူးလွန်သူ အသက် ၂၈ နှစ်အရွယ် Ismaaiyl Brinsley ဆိုသူဟာ ရဲအရာရှိ Liu နဲ့ ရဲအရာရှိ Rafael Ramos တို့ကို ပစ်ခတ်ပြီးနောက် မြေအောက်ရထားဘူတာတခုအနီးမှာ သူ့ကိုယ်သူပစ်သတ်ပြီး သေဆုံးသွားခဲ့ပါတယ်။