အာကာသယာဉ်မှူး ၃ဦး နိုင်ငံတကာ အာကာသစခန်း ရောက်ရှိ

ဇူလိုင် ၇ရက်က ကာဇက်စတန်ရှိ Baikonur အာကာသစခန်းမှ Soyuz အာကာသယာဉ် ထွက်ခွာနေစဉ်။ (ဓါတ်ပုံ- Reuters)

နိုင်ငံပေါင်းစုံက အာကာသယာဉ်မှုး သုံးဦးကို သယ်ဆောင်လာတဲ့ ဆိုယု အာကာသယာဉ်ဟာ စနေနေ့ မနက်က ကမ္ဘာမြေပြင် အထက် ကီလိုမီတာ ၄၀၀လောက်မှာ ရှိတဲ့ နိုင်ငံတကာ အာကာသစခန်း ISS နဲ့ ချိတ်ဆက်လိုက်နိုင် ခဲ့ပါတယ်။

နာဆာ အာကာသယာဉ်မှုး Kathleen Rubins ၊ ရုရှား အာကာသ ယာဉ်မှုး Anatoly Ivanishin နဲ့ ဂျပန် အာကာသာ ယဉ်မှုး Takuya Onishi တို့ သုံးဦး ဟာ ကြာသပတေးနေ့က ကာဇက်စတန်နိုင်ငံ၊ Baikonaur မှာရှိတဲ့ ရုရှား အာကာသစခန်း ကနေ ထွက်ခွာခဲ့ကြတာပါ။

အာကာသယာဉ်မှုး အဖွဲ့ဟာ ကမ္ဘာကို လှည့်ပတ်နေတဲ့ အာကာသစခန်း ထဲမှာ လေးလကြာ နေထိုင်မှာ ဖြစ်ပါတယ်။

နာဆာ အာကာသယာဉ်မှုး Rubins ဟာ ကင်ဆာနဲ့ ကူးစက်တတ်တဲ့ ရောဂါတွေ ကို လေ့လာနေတဲ့ သုတေသီတစ်ဦးပါ။ သူမဟာ အာကာသထဲမှာ ဒီအင်အေ မျိုးဗီဇတွေ အစီအစဉ်ချတာကို ပထမဆုံးအကြိမ် ပြု လုပ်ဖို့ ကြိုစားမှာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ရှိနှင့်ပြီးသား အမေရိကန် အာကာသ ယာဉ်မှုး Jeff Williams နဲ့ ရုရှား အာကာသ ယာဉ်မှုး Oleg Skropochka နဲ့ Alexey Ovchinin တို့နဲ့ ပူူပေါင်းမှာ ဖြစ်ပါတယ်။

နာဆာဟာ လွန်ခဲ့တဲ့ ငါးနှစ်က အာကာသ လွန်းပျံယာဉ် အစီအစဉ်ကို အဆုံးသတ် ခဲ့တဲ့နောက် နိုင်ငံတကာ အာကာသ စခန်းကို သွားရောက်ဖို့အတွက် ရုရှားရဲ့ ဆိုယု အာကာသယာဉ်ကိုပဲ အားကိုးနေရပါတယ်။

နာဆာဟာ ၂၀၁၈ ခုနှစ်ရောက်ရင် ဘိုးအင်း ကုမ္ပဏီနဲ့ ပုဂ္ဂလိကပိုင် SpaceX ကုမ္ပဏီတို့ တည်ဆောက်ထားတဲ့ အာကာသယာဉ်နဲ့ အာကာသစခန်းကို ပျံသန်းတဲ့ လုပ်ငန်း ပြန်စနိုင်ဖို့ ရည်မှန်းထားပါတယ်။

Your browser doesn’t support HTML5

အာကာသယာဉ်မှုး ၃ဦး နိုင်ငံတကာ အာကာသစခန်း ရောက်ရှိ