သမ္မတဖြစ်ဖို့ ကန့်သတ်ချက် ပြင်ဆင်ရေး ဦးရွှေမန်းလက်ခံ

  • ဇော်ဝင်းလှိုင်

သူရ ဦးရွှေမန်း

မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက် တချို့အရ NLD အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိသလို ဖြစ်နေတဲ့ အချက်ကို ပြင်ဆင်ဖို့ လိုလားတဲ့ အကြောင်း ဒီကနေ့ နေပြည်တော် လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ပြောပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန် အနေနဲ့လည်း ဒုတိယသမ္မတသက်တမ်းအတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ ထပ်မံ အရွေးခံတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါရှိနေတဲ့အချက်အပါအဝင် ပြင်ဆင်သင့်တယ်လို့ အတိုက်အခံ နိုင်ငံရေး ပါတီတွေ၊ မြန်မာ့အရေး ကျွမ်းကျင်သူတွေက ထောက်ပြ ပြောဆိုနေကြတဲ့ အချက်တွေထဲ ပုဒ်မ ၅၉ (စ) ဟာလည်း အဓိက သော့ချက် တခုဖြစ်နေတာပါ။

နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများ ဆိုတဲ့ ခေါင်းစဉ်အောက် က အဲဒီ ပုဒ်မ ၅၉ (စ) အရ - မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစာနိုင်ခွင့် ရှိသူများ မဖြစ်စေရလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော်လွှတ်တော်အတွင်း ကျင်းပတဲ့ သတင်းရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားဆီးထားတဲ့ ဥပဒေကို ပြင်ဆင်ရမယ် လို့ ပြည်ထောင်စု လွှတ်တော်ဥက္ကဌလည်းဖြစ်၊ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဌလည်း ဖြစ်တဲ့ သူရဦးရွှေမန်းက တိုက်ရိုက် ပြောဆိုသွားတာ မဟုတ်ပေမယ့်လည်း လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် အဲဒီ ပုဒ်မ ၅၉ (စ) ကို ပြင်သင့် ပြင်ရမယ်ဆိုတာမျိုး သွယ်ဝိုက်ပြီး ပြောသွားတာ ဖြစ်ပါတယ်။

" ရွေးကောက်ပွဲမှာ တရားမျတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉(စ) က တားမြစ်ထားတဲ့ ကိစ္စကြောင့် ဒီဟာသည် Free and Fair ဖြစ်ပါသလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ Free and Fair ဖြစ်ဖို့အတွက်တော့ လိုတယ်လို့တော့ ဒီလိုပဲပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ တစ်ဦးတည်း ဆန္ဒတင်မကပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒကလည်း ဒီအတိုင်းပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ခေတ်ကာလနဲ့ လိုက်လျောညီထွေမှုရှိအောင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးရှိမယ့် ကိစ္စတွေရှိနေတယ်။ အဲ့တာတွေကို ပြင်ဆင်ဖို့ လိုအပ်တယ်။ အဲ့ဒီ့အတွက်လည်း ကြိုးစားနေတယ်။ ကြိုးစားတဲ့အခါမှာ ခုနက မေးခွန်းနဲ့ပတ်သက်ပြီးတော့ Free and Fair ဦးတည်ချက်သုံးရပ်အပေါ် မူတည်ပြီး ဆောင်ရွက်နေ တယ်လို့ပဲ ဖြေချင်ပါတယ်။"

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံရေးပါတီတွေအပါအဝင် တိုင်းရင်းသားတွေနဲ့ ကြံ့ခိုင်ရေးပါတီကပါ ပြင်ဆင်ဖို့အတွက် လုပ်ဆောင်နေကြ တယ်လို့ ဆိုပါတယ်။

"ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်တာတွေပြင်ဖို့ ပြင်လိုက်တဲ့အခါမှာ နိုင်ငံနဲ
့နိုင်ငံသားတွေ အကျိုးရှိဖို့ အသင့်ရှိပါတယ်။ အဲ့အတိုင်းပါပဲ တိုင်းရင်းသားပါတီတွေလည်း သူတို့စိတ်ထဲ ရှိမယ်လို့ ယူဆပါတယ်။"

ဒီနေရာမှာ လွှတ်တော်အတွင်း အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားတဲ့ တပ်မတော်သားတွေဖက်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်တွေ ကိုတော့ ဦးရွှေမန်းက ထည့်သွင်း ပြောဆိုသွားခြင်း မရှိပါဘူး။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက စိုးရိမ်မှုရှိတဲ့အကြောင်း၊ သီတင်းကျွတ် ကာလအတွင်း အစိုးရခေါင်းဆောင်တွေ သွားရောက် ဂါရဝပြုတဲ့အချိန် သူတို့တို့ကို အဲဒီလို ပြောကြားခဲ့တယ်လို့ ဦးရွှေမန်းက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအနေနဲ့ နိုင်ငံရေးအခြေအနေတွေကို လူကြီးတယောက်အနေနဲ့ ပူပန်တာကလွဲလို့ နိုင်ငံရေးမှာ ပါဝင် ပတ်သက်ခြင်း မရှိဘူးလို့ ဦးရွှေမန်းက ပြောပါတယ်။

သတင်းထောက်တွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ သမ္မတဖြစ်နိုင်ခြေ ဘယ်သူ ရှိမရှိ ဆိုတဲ့ အကြောင်းအရာအတော်များများကို ဝိုင်းဝန်း မေးမြန်းခဲ့ကြတာမှာ လက်ရှိသမ္မတ ဦးသိန်းစိန်က နောက်ထပ် သမ္မတသက်တမ်းအတွက် အရွေးခံတော့မှာ မဟုတ်တဲ့ အကြောင်း ပြောကြား ထားတဲ့အတွက် အဲဒီစကားအတိုင်းပဲ သူ့အနေနဲ့ လက်ခံထားတယ်လို့ ဦးရွှေမန်းက ဆက်ပြောပါတယ်။

"လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတနေရာကို အရွေးချယ်မခံတော့ဘူးလို့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောဆိုပါတယ်။ ဒါကြောင့်မို့လို့ လူကြီးတစ်ယောက်ပြောတဲ့ စကားဟာ အင်မတန်မှ တည်ကြည်ပါတယ်။ ဒါကြောင့် နောင် ၂၀၁၅ သက်တမ်းမှာလည်း လက်ရှိသမ္မတကြီး ဦးသိန်းစိန် ဝင်ရောက် ရွေးချယ်မခံတော့ဘူးဆိုတဲ့ စကားဟာ မှန်ပါတယ်။"

သူ့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဖြစ်လိုတဲ့ ဆန္ဒရှိကြောင်း ဦးရွှေမန်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆို ထားပြီးဖြစ်ပေ မယ့် ရွေးကောက်ပွဲ မှာ အနိုင်ရရေးဆိုပြီး ဦးတည် လုပ်ဆောင်နေတာမျိုး မရှိဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံတာ၊ တခြား ပြည်နယ်တိုင်း ဒေသကြီးတွေကို သွားရောက် လည်ပတ်တာတွေဟာ လွှတ်တော်ဥက္ကဌတဦးအနေနဲ့ လုပ်ဆောင်သင့်တဲ့ဘောင်ကို ကျော်လွန်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးနေတဲ့ လုပ်ရပ်နဲ့တူကြောင်း မြန်မာ့နိုင်ငံရေးကို အနီးကပ် လေ့လာသူတွေက ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။