နှစ်နိုင်ငံကြား ခိုင်မာတဲ့မဟာမိတ်ဖြစ်ကြောင်း ပြသတဲ့အနေနဲ့ အိန္ဒိယကိုသွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဝန်ကြီးချုပ် Narendra Modi အပါအဝင် အိန္ဒိယခေါင်းဆောင်တွေနဲ့ နယူးဒေလီမှာ တွေ့ဆုံစဉ်အတွင်း မဟာဗျူဟာကျဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် အမေရိကန်ပြည်ထောင်စုက လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံကနေ အိန္ဒိယကိုလာရောက်ခဲ့တဲ့ ဝန်ကြီး Tillerson နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့ တွေ့ဆုံပွဲမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ အာဖဂန်နစ်စတန်နိုင်ငံ တိုးတက်ဖို့လုပ်ဆောင်ရာမှာ ကူညီပေးရေး အိန္ဒိယရဲ့အခန်းကဏ္ဍဆိုင်ရာတွေကို အဓိက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဝန်ကြီး Tillerson နဲ့ တွေ့ဆုံစဉ်အတွင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်တို့က အခုလို နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မယ့်လမ်းကြောင်းပေါ် ရောက်လာတာအတွက် ကြိုဆိုခဲ့ကြပြီး အာဖဂန်နစ်စတန်နိုင်ငံ တည်ငြိမ်အေးချမ်းမှုရဖို့လုပ်ဆောင်ရင်း အကြမ်းဖက်သမားတွေရဲ့ အခြေခံအဆောက်အအုံနဲ့ အကြမ်းဖက်ဝါဒ ပပျောက်ရေး လုပ်ဆောင်မှုဟာ နှစ်နိုင်ငံရဲ့ တူညီတဲ့ဘုံဦးတည်ချက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ အမေရိကန်က အိန္ဒိယနဲ့အတူရပ်တည်မှာ ဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Tillerson က ထပ်လောင်းအတည်ပြု ပြောကြားခဲ့သလို အကြမ်းဖက်သမားတွေ ဘေးရန်ကင်းကင်း ခိုလှုံနေမှုကို လက်မခံနိုင်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ပါကစ္စတန်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုရှိနိုင်တဲ့ အစွန်းရောက်အဖွဲ့တွေရဲ့ အန္တရာယ်ကို စိုးရိမ်စိတ်ပူကြောင်းလည်း ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5
Pakistani property owners in gulf, Official say UAE government is ignoring to share details