ကော်မရှင်ဥက္ကဌ ဦးတင်အေးနဲ့ ဗွီအိုအေတွေ့ဆုံမေးမြန်းချက် (အပိုင်း-၂)

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲကို ဥပဒေနဲ့အညီ ကျင်းပခဲ့တာ ဖြစ်တဲ့အတွက် ရလဒ်တွေကို အားလုံးက လက်ခံကြဖို့ လိုတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကပြောပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်း မဲပေးတဲ့ လုပ်ငန်းစဉ်တွေမှာ ပြဿနာတွေ ရှိခဲ့တာတွေကိုလည်း ကော်မရှင်က လိုအပ်သလို အရေးယူ ကိုင်တွယ်မယ်လို့ ပြော ဆိုခဲ့တာပါ။ ဗွီအိုအေမြန်မာပိုင်း ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော် မှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ နောက်ဆုံး ပိုင်းကို နားဆင်နိုင်ကြပါပြီ။

ဒေါ်ခင်စိုးဝင်း - မဲစာရင်းမှာ မပါတဲ့သူတွေ မဲလာပေးကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်ရှင့်။ အဲဒါနဲ့ ပတ်သက်လို့ရော ဘာများ ကြားထားပါသလဲရှင့်။

ဦးတင်အေး - “ကျနော် အရေးယူဖို့ ပြောထားပါတယ်။ သူက ဘာဖြစ်လို့လဲဆိုတော့ ဆိုကြပါစို့ မဲစာရင်းမှာ မပါဘူး။ အဲဒါ လှိုင်သာယာမှာ ဖြစ်ပါတယ်။ အဲဒါ အတင်းအကြောက်အကန် အတင်း လုပ်ပါတယ်။ လုပ်တဲ့အခါကျတော့ မဲရုံမှူးက ကြောက်ပြီးတော့ တခါတည်း အဲဒီမှာ အိမ်ထောင်စုဇယားတွေ၊ မှတ်ပုံတင်တွေနဲ့ အရေးယူတော့ ၅၄ ယောက်လို့ ထင်ပါတယ်။ အဲဒါတွေ သူက တခါတည်း ပေးခိုင်းလိုက်တယ်။ ကျနော်က ရှင်းရှင်းပါ။ သူတို့လည်း သိပါတယ်။ သူတို့ဆိုတာ အကုန်သိပါတယ်။ မဲစာရင်းမှာ ပါမှ မဲပေးခွင့်ရတယ်။ မဲစာရင်းမှာ ပါမှ ရွေးချယ်တင်မြှောက်ခံခွင့် ရှိတယ်လို့ ပြောထားပြီးသားပါ။ အဲဒါ သူတို့ လာမကြည့်လို့ (၃) သော်လည်းကောင်း၊ (၃-က) သော်လည်းကောင်း မတင်လို့ မဲစာရင်း မပါတာကတော့ ပေးလို့ မရပါဘူး။ ကျနော်လည်း လက်သင့်မခံပါဘူး။ ဘာကြောင့် လက်မခံသလဲဆိုရင် ဥပဒေကြောင့်ပါ။ ဥပဒေက တားထားတဲ့အတွက်ကြောင့်ပါ။ အဲ့လိုသာ မလုပ်ဘူးဆိုရင်တော့ လုံးလည်ချာလည်ကို လိုက်နေတော့မှာပဲ နော်။ ဒါကို သူက အတင်း အဓမ္မကြီးပြောလို့ ကျနော်တို့ အမှု ဖွင့်ခိုင်းထားပါတယ်။ ဒါ တစ်တချက်ပါ။ နှစ်အချက်ကတော့ ခုနကပြောသလိုပဲ ကျနော် ဒါကတော့ တော်တော်လေး လိုက်ရပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ သိပ်ရှည်ရှည်ဝေးဝေးတွေ မလုပ်ချင်ပါဘူး။ ခုနဟာလိုပဲ လုပ်ဖို့တော့ စိတ်ကူးရှိပါတယ်။ ခုနပြောတဲ့ သက်သေခံလက်မှတ်နဲ့ လာတယ်။ မဲကြိုလက်မှတ်နဲ့လာတယ်။ ဒါတွေက ကျနော်တို့ စဉ်းစားစရာတွေ ဖြစ်လာတာပေါ့ဗျာ။ ခင်ဗျားပြောသလိုပဲ စဉ်းစားစရာတွေ ဖြစ်လာတယ်။ နောင်ကျရင်တော့ တိတိကျကျ ညွှန်ကြားပြီးတော့ ဒီလို လုပ်နေတာတွေကို ထိုက်ထိုက်တန်တန် အရေးယူရလိမ့်မှာပေါ့။”

ဒေါ်ခင်စိုးဝင်း - နောက်တခုက ဒီရွေးကောက်ပွဲကြီးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လွတ်လပ်ပါတယ်။ ဒါပေမဲ့ တရားမမျှတဘူး။ မမျှတဘူးဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ အခြေခံပြီးတော့ လုပ်ထားတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် အကြောပေးပြီးတော့ ပြိုင်ရတဲ့ သဘောမျိုး ဖြစ်နေတဲ့အတွက်ကြောင့် သူကတော့ တရားမမျှတဘူး။ ဒါပေမဲ့ လွတ်လပ်တယ်။ အားလုံးကလည်း လွတ်လပ်တယ်ဆိုပြီးတော့ မှတ်ချက်ချပါတယ်။ အကုန်လုံးကလည်း လွတ်လွတ်လပ်လပ် မဲပေးခွင့်ရတယ်ဆိုပြီးတော့ မှတ်ချက်ချပါတယ်။ ခုနက ဥက္ကဌကြီး ပြောသွားတဲ့အထဲမှာ ရှုံးတဲ့သူတွေအနေနဲ့က မတရားသဖြင့် ရှုံးတယ်ဆိုတာမျိုး ဘယ်လိုမျိုးများ ယူဆတာလဲမသိဘူး။

ဦးတင်အေး - “ဒါ သူတို့ပြောတာပါ။ အနိုင်ပေးဖို့ပြောတာ မဟုတ်ပါဘူး။ သူတို့ တရားမဲ့ပြုကျင့်ခံရလို့ တံဆိပ်တုံးတွေ ထုပေးနေလို့ ဆိုကြပါစို့ မဲရုံကိုယ်စားလှယ်က ထိုင်နေရမှာပဲ။ မဲရုံကိုယ်စားလှယ်က ထပြီးတော့ တံဆိပ်တုံးထုခိုင်းတာတို့၊ သူတို့ အထောက်အထားတွေ ရှိပါတယ်။ ဒါကတော့ ကန့်ကွက်လာရင် ခင်ဗျားတို့ သိမှာပါ။ ဒါ ကျနော်ကတော့ သိတာ နည်းနည်းတောင် လွန်သွားတယ်။ မပြောသင့်တဲ့စကားတွေပေါ့။ ကျနော်ကတော့ ရှင်းရှင်းလေး ပြောလိုက်တယ်။ ငါ့ကို မင်းတို့ ဘာမှ လာမပြောကြနဲ့။ ၁ - မင်းတို့ ရဲစခန်းကို အမှုသွားဖွင့်လိုက်ပါ။ ၂ - ကန့်ကွက်လွှာတင်ပါ။ ဒါပဲ ကျနော် ပြောနိုင်ပါတယ်။”

ဒေါ်ခင်စိုးဝင်း - အခု ဒီလားရှိုးတို့ တောင်ကြီးတို့မှာ ဖြစ်သွားတဲ့ကိစ္စတွေပေါ့နော်။ ဒီလားရှိုးကိစ္စဆိုရင်လည်း သတင်းစာရှင်းလင်းပွဲတော့ လုပ်ပြီးသွားပါပြီ။ အဲဒီမှာ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့နေရာမှာ သဘောရိုးနဲ့ မှားသွားတယ်ဆိုပြီးတော့ ပြောပါတယ်။ ဥပမာ - ဒီ ကြိုတင်မဲပုံးတွေက အမှန်တော့ sealed ထုထားရမှာပေါ့နော်။ အဲတော့ မိတ္တူဆိုင်မှာသွားပြီးတော့ လှပ်လိုက်တာပေါ့။ ဖွင့်တာမဟုတ်ဘူး။ လှပ်ပြီးတော့ မိတ္တူကူးဖို့ စွဲထုတ်လိုက်တယ်။ ဒါ သဘောရိုးနဲ့ ဖြစ်တယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ သဘောရိုးနဲ့ လုပ်မိတဲ့အတွက်ကြောင့် အရေးယူဖို့ အကြောင်းမရှိပါဘူးလို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော ဥက္ကဌကြီး ဘာများပြောချင်ပါသလဲ။

ဦးတင်အေး - “အဲဒါ ပြောတဲ့သူက မပြောတတ်တာရယ်၊ မပြောတတ်တာပေါ့လေ။ ဒီမဲပုံးတွေက တကယ်တော့ မဲပုံးလည်း မဟုတ်တော့ဘူး။ container ပဲ ဖြစ်နေပြီ။ မဲတွေက ရေတွက်ခဲ့တယ်။ အားလုံးပြီးသွားပြီ။ ဘယ်သူဘယ်လောက်ရတယ်ဆိုတာကို ပုံစံ (၁၆) ကပ်ပြီးပြီ။ အဲဒီပစ္စည်းကို လာပို့တာ။ လာပို့တဲ့အချိန်မှာ ကြားထဲမှာ သူ မိတ္တူဆွဲချင်လို့ ကူးလိုက်တာ။ ဖွင့်ကူးလိုက်တာ။ အဲဒါကို မြင်ပြီးတော့ ဟုတ်လား သူတို့ မပြောတတ်လို့ပါ။ အဲတော့ ကြိုတင်မဲဆိုတာ ဒီလို လုပ်လို့မရဘူး။ ကြိုတင်မဲပုံးဖွင့်တယ်ဆိုတာ ကြိုတင်မဲဆိုတာ ရပ်ကွက်အုပ်ချုပ်ရေးကော်မရှင်ရုံးမှာ ထားရတယ်။ မနက် ၆ နာရီမတိုင်ခင် အပ်ရတယ်။ ပုံစံ (၁၃) နဲ့ အပ်ရတယ်။ ဒါ မဲရုံမှာရှိသော ကြိုတင်မဲ။ မြို့နယ်မှာရှိသော မဲ ရုံးထဲမှာ ထားရတယ်။ ထည့်ရတယ်။ ၄ နာရီထိုးရင် ဖောက်ရတယ်။ တခြား ဖောက်စရာ အကြောင်းမရှိဘူး။ မင်းတို့ ဘယ်လိုဖြစ်သလဲ မေးတဲ့အခါကျတော့ အားလုံး ရေတွက်ပြီးတဲ့အခါကျတော့ ည ၁၂ နာရီ၊ ၁ နာရီမှာ ဒီဘက်မှာ ရေတဲ့အချိန်မှာ ပုံးတွေ တက်လာတယ်။ ခင်ဗျားတို့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ပါလိမ့်မယ်။ အဲ့လို သယ်လာတဲ့အချိန်မှာ ဒါလေးတွေ သူက မိတ္တူကူးချင်တဲ့အတွက်ကြောင့် မိတ္တူကူးဆိုင်သွားတာ။ အဲဒီဟာက မဲပုံး မဟုတ်တော့ဘူး။ container ကြီး။ ပစ္စည်းတွေ ထည့်ထားသော ပုံးကြီးကို ည ၁၂ နာရီ၊ ၁ နာရီမှာ ဖောက်လိုက်တာ။ ည ၁၂ နာရီ၊ ၁ နာရီ ရောက်ပြီဆိုတာနဲ့ ဒါက မဲပုံး မဟုတ်တော့ဘူး။ ရပ်ကွက်မှာရှိသော မဲပုံးသည် ၆ နာရီမှာ အပ်ရမယ်။ ၆ နာရီနောက်ပိုင်း လာတဲ့ဟာက disqualify အကုန်သိတယ်။ ဘယ်နှစ်ယောက်ဆိုတာ ပုံစံ (၁၃) ကပ်ထားတယ်။ အကုန်သိတယ်။ ဒါကြီးကို ပြီးတဲ့အခါကျတော့ ပစ္စည်းတွေ ရွှေ့လာတယ်။ ဒါလေးကို သူ ဘာကြောင့် မိတ္တူကူးချင်သလဲ။ ကျနော်လည်း နားမလည်ဘူး။ မိတ္တူကူးဆိုင်မှာ သွားကူးလိုက်တာ။ container ကြီးထဲ ထည့်ထားတဲ့ စာရွက်စာတမ်းတွေကို မိတ္တူကူးတာ။ ည ၁၂ နာရီမှာ ကြိုတင်မဲ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကို မနက် ၆ နာရီ ပေးတယ်။ မြို့နယ်မှာ ညနေ ၄ နာရီ ပြီးသွားတယ်။ ည ၁၂ နာရီ ရှိစရာအကြောင်း မရှိဘူး။ ကျနော် နားလည်တာ ပြောတာနားထောင်တာ သူတို့ကို ပြန်မေးကြည့်တာ ကျနော်တို့ မဲရုံအားလုံး ပြီးတဲ့ဟာက မြို့နယ်ကို အပ်ရပါတယ်။ မအပ်လို့ မရဘူး။ အခုဆိုရင် ကျနော့်ကို ချိတ်ပိတ်ခိုင်းထားတယ်။ ဒါတွေ မင်းတို့ မဲ ကန့်ကွက်လွှာတင်လာရင် အကုန် ပြန်ဖောက်ရမယ်။ အဲဒါကြောင့် ပါတီတွေအားလုံး မင်းတို့ ထိုးချင်တဲ့သူ ချိတ်ထိုးထားတာပါ။ ပြီးရင် အခန်းတခန်းတည်းမှာ ပိတ်ထားဖို့ ကျနော် ပြောထားပါတယ်။ အဲ့လိုသယ်လာတဲ့ပစ္စည်း။ မဲပုံးကို ဟုတ်လား ပိုဆိုးတာက ဖောက်တယ်လို့ ပြောတယ်။ မဲပုံးဖောက်စရာ အကြောင်းလည်း မရှိပါဘူး။”

ဒေါ်ခင်စိုးဝင်း - လူတွေကလည်း မြင်လိုက်တဲ့အခါကျတော့ သူတို့စိတ်ထဲမှာ မဲပုံးလို့ ထင်သွားတာလည်း ဖြစ်ပါလိမ့်မယ်။

ဦးတင်အေး - “အဲဒါပါပဲ ကျနော်က ကျနော့်စိတ်ထဲမှာ ဒီ wording က တော်တော် ရွေးရခက်ပါတယ်။ သိလို့ ပြောလည်း ကောင်းပါတယ်။ မသိရင်လည်း မသိလို့ နေတာ ကောင်းတာပေါ့။ အဲဒါတွေက တော်တော် ခွကျတာ ကျနော်က။ ကျနော်ကတော့ တာဝန်ရှိတဲ့သူတယောက်အနေနဲ့ ကျနော့်ခေါင်းထဲမှာ ရှိပြီးသားပါ။ မနက် ၆ နာရီအပ်တာ မဲပုံးကို။ မင်းတို့ ဖောက်သလား။ ၆ နာရီအပ်တာ ၆ နာရီထက် နောက်ကျတာရှိသလား။ ညနေ ၄ နာရီမှာ မြို့နယ်မှာ ထ ဖောက်သလား။ ဟာ မင်းတို့ များလှချည်လား ၆ ပုံးတောင်။ ကျနော်တို့ များပါတယ် သူတို့ပြောတယ်။ အဲဒီမြို့နယ်ပုံးတွေကိုရော သူတို့ ဖောက်တာရှိသလား။ မရှိပါဘူး။ မိတ္တူကူးဆိုင်သွားတာ ကျနော် မေးကြည့်တဲ့အခါကျတော့ container ပါ။ မဲပုံးမဟုတ်ပါဘူး။ ပစ္စည်းအားလုံး ပုံးထဲထည့်ထားပြီးတော့ အဲဒီထဲကနေပြီးတော့ မိတ္တူကူးလိုက်တာပါ။”

ဒေါ်ခင်စိုးဝင်း - ဟုတ်ကဲ့ပါ။ အခု ဒီ အများပြည်သူလည်း မျှော်လင့်စောင့်စားနေကြတာပေါ့နော်။ ရွေးကောက်ပွဲရလဒ်တွေလည်း ကြေညာပြီးသွားပြီပေါ့။ ကြေညာပြီးသွားတဲ့နေရာမှာ အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတဲ့ အလားအလာ ရှိနေတာပေါ့လေ။ အဲတော့ အားလုံးစိတ်ထဲမှာပေါ့လေ ၁၉၉၀ ရွေးကောက်ပွဲ အတွေ့အကြုံအရပေါ့လေ အာဏာမှ လွှဲပြောင်းပေးပါ့မလားဆိုပြီး စိတ်ပူတာတွေလည်း ရှိပါတယ်။ အဲဒါ အကုန်လုံး သိပြီးသားပါ။ အဲဒီအချက်ကလေးနဲ့ ပတ်သက်လို့ရော ဘာများ ပြောပြချင်ပါသလဲရှင့်။

ဦးတင်အေး - “မကြာမကြာ ပြောနေတာက ကျနော်တို့လည်း ပြောပြီးသားပဲ ရွေးကောက်ပွဲရလဒ်ကို အားလုံး လက်ခံရမယ်။ လက်မခံဘူးဆိုရင် အသက်နဲ့လဲ ကာကွယ်ပေးသွားမယ်လို့ ကျနော်တို့ ပြောထားတယ်။ ယနေ့ သမ္မတကြီးကလည်း လက်ခံပါမယ်ပြောထားတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း လက်ခံပါမယ်ပြောနေတယ်။ အဲတော့ ကျနော်တို့က ဘာများ ပိုပြောစရာရှိလဲ။ ကျနော် သူတို့ပါတီနဲ့ တွေ့တုန်းကလည်း ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည် တိုးတက်စေချင်လွန်းလို့။ ကျနော်တို့တိုင်းပြည် သိပ်နောက်နေပြီ။ ရွေးကောက်ပွဲပြီးရင် နော် နိုင်မယ့်ပါတီကိုလည်း ရှုံးမယ့်ပါတီက ချီးကျူးဂုဏ်ပြုကြပါ။ ပြီးရင် နိုင်တဲ့ပါတီကလည်း သူတို့ရဲ့ မူဝါဒကြေညာချက်အတိုင်း တိုးတက်အောင် လုပ်သွားကြပါ။ ရှုံးတဲ့ပါတီကလည်း ဘက်မတိုက်ပါနဲ့။ ပူးပေါင်းဆောင်ရွက်ပါ။ တည့်မတ်ပေးပါ။ ပြီးရင် တိုးတက်အောင်လုပ်ပေးသွားပါလို့ ပြောတယ်။ အဲတော့ ကျနော့်အနေနဲ့ကတော့ ဘာမှ ပြောစရာမရှိဘူး။ ကျနော်လုပ်ပေးတာက ရွေးကောက်ပွဲအတွက် လုပ်ပေးတယ်။ ကျနော် လွတ်လွတ်လပ်လပ် တရားမျှမျှတတ လုပ်ပေးတယ်။ လုပ်ပေးတာကို လက်ကိုလက်ခံရမယ်။ လက်မခံလို့ မရဘူး။ လက်မခံရင်တော့ ဒါ ကျနော် လက်ခံအောင် ပြောရမှာပေါ့။ ဒီမေးခွန်းကလည်း ကျနော့်ကို ခဏခဏ မေးတဲ့ မေးခွန်းပါ။ ယနေ့လည်းပဲ ဟုတ်လား တက်လာတဲ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်တို့၊ ကောင်းတဲ့စကားတွေ ကြားနေရပါတယ်။ ကျနော့်အနေနဲ့ကတော့ ဘာမှ ပြောစရာ မရှိပါဘူး။ ယခင်ကတည်းကလည်း ကျနော်တို့ လက်ခံရမယ်လို့ ပြောပြီးသားပဲ။ လက်ခံရမှာပေါ့ဗျာ။ လက်ခံအောင် ပြောရမှာပေါ့။”

ဒေါ်ခင်စိုးဝင်း - အဲတော့ ရွေးကောက်ပွဲကြီး ပြီးသွားပြီးတော့ လွှတ်တော်တွေ ဘာတွေ ကျင်းပပြီးစီးတဲ့အခါကျရင် ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍပေါ့နော် ဘာများ ဆက်လုပ်ဖို့ ရှိပါသလဲ။

ဦးတင်အေး - “ကျနော့်ဘက်ကတော့ ကော်မရှင်ကတော့ ရွေးကောက်ပွဲကို ဘာလုပ်ရမလဲဆိုတာ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်ကို ပြန်သုံးသပ်ရမှာပေါ့။ သုံးသပ်ပြီးတော့ ဟုတ်လား ဘာတွေ အားသာသလဲ။ အားသာချက်ကို ဘယ်လိုထိန်းမလဲ။ ဒီထက် အားသာအောင် ဘယ်လို ဆက်လုပ်မလဲ။ စဉ်းစားရမှာပေါ့။ အားနည်းရင်လည်း ဘာတွေ အားနည်းသလဲ။ ဘယ်လိုပြင်မလဲ။ ဒါတွေလုပ်ရမှာပေါ့။ ကိုယ်လည်း သင်ခန်းစာ အများကြီးရပါတယ်။ သင်ခန်းစာတွေ အများကြီး အများကြီး ရတယ်။ ကျနော် တော်တော့်ကို ကြိုတင် မျှော်တွေးပြီးတော့ ကျနော် တော်တော်လေး လုပ်ပါတယ်။ ဘာဖြစ်ရင် ဘာလုပ်မယ်၊ ဘာဖြစ်ရင် ဘာလုပ်မယ်။ ခင်ဗျားတို့ သိပါတယ်။ ကျနော်တို့ train လုပ်ထားတာ။ ဒီအထဲမှာ ကျနော် မမျှော်လင့်တာတွေ အများကြီး အများကြီး အများကြီး ဖြစ်သွားပါတယ်။ အဲတော့ ကျနော်တို့ဘက်ကတော့ ဘာလုပ်မလဲဆိုတော့ ကော်မရှင်ရဲ့လုပ်ငန်းက ရွေးကောက်ပွဲ လုပ်ပေးဖို့ပဲ။ ရွေးကောက်ပွဲပြီးရင်တော့ ပြီးပြီပေါ့ဗျာ။ ဒီအပေါ်မှာ သုံးသပ်ပြီးတော့ နောင်ရွေးကောက်ပွဲတွေ ကောင်းအောင် ဘယ်လိုလုပ်မလဲ။ စဉ်းစားဖို့ရှိတယ်။ observers reports တွေ ဖတ်ဖို့ လိုမယ်။ ကျနော်တို့ ပြောပြီးသားပါ။ observers ကိုခေါ်တာက ၁ - လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း သက်သေပြချင်လို့။ ၂ - က မင်းတို့ရဲ့ reports တွေကို နားထောင်ချင်တယ်။ ပြီးရင် နိုင်ငံအတွက် အကျိုးရှိအောင် အသုံးချမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။ ဒီအလုပ်တွေပဲ လုပ်စရာရှိပါတယ်။”

ဒေါ်ခင်စိုးဝင်း - အဲတော့ ဒီနိုင်ငံတကာ အကဲခတ် လေ့လာရေးအဖွဲ့တွေကရော ဘယ်လိုများ တုံ့ပြန်ပါသလဲ ဥက္ကဌကြီးနဲ့ တွေ့တဲ့အခါမှာ။

ဦးတင်အေး - “သူတို့ကတော့ ချီးကျူးကြပါတယ်။ ချီးကျူးကြတော့ ကျနော့်ကို မချီးကျူးပါနဲ့။ ကျနော့် ကော်မရှင်အဖွဲ့ဝင်တွေရယ်၊ ကော်မရှင်အဖွဲ့ခွဲတွေရယ်၊ မဲရုံဝန်ထမ်းတွေကို ချီးကျူးသွားပါတယ်။ ဒါပဲ ကျနော် ပြောပါတယ်။”