ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်း Poltava မြို့မှာ သေဆုံးသူ အရေအတွက်တိုး

စက်တင်ဘာ ၇ ရုရှားလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ Poltava မြို့က ယူကရိန်းသားတစ်ယောက်ရဲ့ မိခင် (AP Photo/Evgeniy Maloletka)

ယူကရိန်းနိုင်ငံအလယ်ပိုင်း Poltava မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရုရှားက မစ်ဇိုင်းဒုံးနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရသူတွေထဲက နောက်ထပ် ၃ ယောက် သေဆုံးသွားတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၅၈ ယောက်ရှိသွားပြီလို့ ယူကရိန်းက ဒီနေ့ပြောပါတယ်။

Poltava မြို့ကို စက်တင်ဘာ ၃ ရက်နေ့က ရုရှားဘက်က တိုက်ခိုက်မှုဟာ လပေါင်းများစွာအတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်ပြီး စစ်ပညာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသွားသူတွေထဲမှာ စစ်ဘက်က ဘယ်လောက်၊ အရပ်သား ဘယ်လောက်ဆိုတာတော့ ယူကရိန်း တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

စိတ်မကောင်းစရာကတော့ စက်တင်ဘာ ၃ ရက်နေ့က Poltava ကို ရုရှားဘက်က တိုက်ခိုက်မှုအတွင်း ဒဏ်ရာရတဲ့သူတွေထဲက နောက်ထပ် ၃ ယောက် ဆေးရုံမှာ သေဆုံးသွားပြီး၊ သေဆုံးသူက ၅၈ ယောက်ရှိပြီလို့ Poltava အုပ်ချုပ်ရေးမှူး Philip Pronin က Telegram လူမှုကွန်ရက်မှာ ပြောပါတယ်။

ယူကရိန်း စစ်အခမ်းအနားတခုကို အဆောက်အဦးအပြင်မှာ ကျင်းပနေချိန် ရုရှားက ပစ်မှတ်ထား တိုက်ခိုက်တာလို့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့ နောက်မှာတော့ နိုင်ငံတကာမှာရှိတဲ့ ယူကရိန်းအစိုးရကို ထောက်ခံတဲ့သူတွေက ဒီတိုက်ခိုက်မှုအပေါ် အကြီးအကျယ် ပြစ်တင်ရှုတ်ချခဲ့ကြသလို၊ ပြည်တွင်းမှာလည်း ဒေါသထွက်ခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ နောက်ထပ်ပေးဖို့ ယူကရိန်းသမ္မတ ဇလင်စကီးက တောင်းဆိုလိုက်ပါတယ်။