အကြမ်းဖက်မှု ဟန့်တားနိုင်ခြင်းမရှိကြောင်း မြန်မာအစိုးရကို ကန်လွှတ်တော် ဝေဖန်

Tom Lantos လူ့အခွင့်အရေး ကော်မရှင် ပူးတွဲဥက္ကဌတွေဖြစ်တဲ့ ဒီမိုကရက်အောက်လွှတ်တော်အမတ် James P. McGovern James P. McGovern (ဝဲ) နဲ့ ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Randy Hultgren (ယာ)

Tom Lantos လူ့အခွင့်အရေး ကော်မရှင် ပူးတွဲဥက္ကဌတွေဖြစ်တဲ့ ဒီမိုကရက်အောက်လွှတ်တော်အမတ် James P. McGovern James P. McGovern (ဝဲ) နဲ့ ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Randy Hultgren (ယာ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာလုံခြုံရေးတပ်တွေရဲ့ ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့သလို တားမြစ်ဖို့လည်း စိတ်ဆန္ဒမရှိခဲ့ဘူးလို့ဝါရင့် အမေရိကန်အောက်လွှတ်တော်အမတ် တဦးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရသူတွေရဲ့ အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်အောက်လွှတ်တော် Tom Lantos လူ့အခွင့်အရေး ကော်မရှင်က ဦးစီးပြီး ဇူလိုင်လ ၂၅ ရက်နေ့က ကြားနာပွဲတရပ်ပြုလုပ်ရာမှာ သူက အဲဒီလို ပြောကြားသွားတာပါ။

အမေရိကန်အောက်လွှတ်တော်က မြန်မာ့အရေး ကြားနားပွဲနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

အဲဒီကြားနားပွဲကို ကမကထပြုလုပ်တဲ့ Tom Lantos လူ့အခွင့်အရေး ကော်မရှင် ပူးတွဲဥက္ကဌ ဒီမိုကရက်အောက်လွှတ်တော်အမတ် James P. McGovern က အဖွင့်မိန့်ခွန်းပြောကြားရာမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးမှာ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ ရာဇဝတ်ကျူးလွန်မှုမြောက်နေကြောင်း နဲ့ ဒါကိုလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က တားမြစ်နိုင်ခြင်းမရှိခဲ့ဘူးလို့ အခုလိုပြောပါတယ်။

“တချိန်က လူ့အခွင့်အရေးလှုပ်ရှားမှုမှာ ထင်ရှားတဲ့ခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး လက်ရှိနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ရာဇဝတ်ကျူးလွန်မှု မြောက်တဲ့ အကြမ်းဖက်မှုကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့သလိုတားမြစ်ဖို့လည်း စိတ်ဆန္ဒမရှိခဲ့ပါဘူး။ ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်လို့ ပြောရတာက လက်နက်ကိုင်သူပုန်တွေရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်ခြင်းဖြစ်သာတယ်လို့ အကြောင်းပြတဲ့ နှိမ်နင်းမှုဟာ အတိုင်းအဆကြီးမားနေတာကို ဆိုလိုတာဖြစ်ပါတယ်။ တပ်မတော်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်တဲ့ နယ်မြေရှင်းလင်းမှုစစ်ဆေးရေးကို တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကချင်၊ ရှမ်း၊ ကရင်စတဲ့ နေရာတွေမှာ မြန်မာစစ်တပ်က အရင်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အတိုင်းအတာပမာဏ အနည်းအများသာ ကွာခြားခဲ့တယ်လို့ Tom Lantos လူ့အခွင့်အရေး ကော်မရှင် ပူးတွဲဥက္ကဌ James P. McGovern ကပြောပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုရရှိရေး၊ အမှန်တရားပေါ်ပေါက်ရေး၊ အကြမ်းဖက်မှုတွေ ထပ်မံ မပေါ်ပေါက်အောင် အာမခံချက်ရှိရေး စတာတွေအပါအဝင် အခြား အခြေခံလူ့အခွင့်အရေးတွေ ခံစားပိုင်ခွင့်ရှိတယ်လို့ သူက ဆိုပါတယ်။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့အခေါ်အဝေါ်ကို အသိအမှတ်ပြုထားခြင်းမရှိသေးပါဘူး။

အခုကြားနာစစ်ဆေးပွဲမှာ ထွက်ဆိုသူတွေအားလုံးဟာ မြန်မာလုံခြုံရေးတပ်တွေရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို စနစ်တကျ ပြုစု အစီရင်ခံတင်ပြထားတာဖြစ်တယ်လို့လည်း James P. McGovern ကပြောပါတယ်။

“လုံခြုံရေးတပ်တွေရဲ့ကျူးလွန်ချိုးဖောက်မှုတွေအပေါ် စွပ်စွဲချက်တွေဟာ အတုအယောင် မမှန်ကန်တဲ့ သတင်းတွေသာဖြစ်တယ်လို့ မြန်မာအစိုးရက အမြဲတမ်းငြင်းဆိုနေတာပါ။ ဒါပေမယ့် အခု ကြားနားပွဲကနေ ရရှိမယ့် အချက်အလက်တွေ၊ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ စနစ်တကျ ပြုစုထားတာဖြစ်ပြီး ယုံကြည်စိတ်ချရသလို စုံစမ်းစစ်ဆေးအတည်ပြုထားတာတွေဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရကသာ လိမ်လည်နေတာဖြစ်ပါတယ်။”

James P. McGovern နဲ့ အတူ ကော်မရှင်ရဲ့ ပူးတွဲဥက္ကဌဖြစ်တဲ့ ရီပါပလင်ကန်အောက်လွှတ်တော် အမတ် Randy Hultgren တို့ ပူးပေါင်းပြီး ကြားနာပွဲကို ကမကထပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီ ကြားနာပွဲမှာ အမေရိကန်အောက်လွှတ်တော် သုတေသနဌာန အာရှရေးရာ အထူးကျွမ်းကျင်သူ Michael Martin၊ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားနေသူ ဦးထွန်းခင် တို့နဲ့ အတူ ထွက်ဆိုခဲ့တဲ့ အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San Nsang ကလည်း သူပြောကြားခဲ့တဲ့ အကြောင်းအရာတွေကို ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“လက်နက်မဲ့ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်မှုဖြစ်ခဲ့တာရယ်၊ နောက် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့အရာတွေကို ကျနော်တို့ ပြောပြခဲ့ပါတယ်။ နောက်တခုက ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသား ၄၀%သာ ရှိပေမယ့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒဏ်ခံနေရတဲ့ ကချင်လူမျိုးက ၉၂% ခရစ်ယာန်ဘာသာဝင်တွေဖြစ်နေပါတယ်ဆိုတာ ကျနော်တို့ ထွက်ဆိုခဲ့ပါတယ်။ နောက် ကျောက်စိမ်းစီးပွားရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားမြေတွေကို နိုင်ငံရေးအရ၊ စီးပွားရေးအရ စိုးမိုးလာတဲ့ဟာတွေကို ကျနော်တို့ ပြောပြတာပါ။”

အလားတူ ကြားနာပွဲမှာ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံတင်ပြရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေ အပြင် အခြား ကချင်နဲ့ ရှမ်း အစရှိတဲ့ တိုင်းရင်းသားတွေ အပေါ် မြန်မာလုံခြုံရေးတပ်တွေရဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခန်းတွေ၊ စုံစမ်းစစ်ဆေးမှုတွေအရ မှတ်တမ်းတင်ပြုစုခဲ့တဲ့အကြောင်းအရာတွေကို တင်ပြသွားပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် အခြား လူအခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့အမေရိကန်အစိုးရရဲ့ စုံစမ်းစစ်ဆေးတဲ့ အစီရင်ခံစာကိုလည်း အများသိအောင် ထုတ်ပြန်ပေးဖို့ HRW က တိုက်တွန်းသွားပါတယ်။ Skyw Wheerer ကတော့ အမျိုးသမီးအခွင့်အရေးဆိုင်ရာဌာနခွဲ သုတေသီဖြစ်ပါတယ်။

“ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဖြစ်တဲ့ သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာ၊ နှိပ်စက်ညှမ်းပမ်းတာအပြင် အခြားပြစ်မှုတွေကို မှတ်တမ်းတင်တဲ့ ကျယ်ပြန့်နက်နဲတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အမေရိကန်အစိုးရ ပြုလုပ်နေတာဖြစ်တဲ့အတွက် ဒီတွေ့ရှိချက်တွေအပေါ် နောက်တနေ့ ဒီရက်စက်တဲ့ ပြစ်မှုတွေကို ကျူးလွန်ကြတဲ့ မြန်မာစစ်တပ်အပြင် တာဝန်ရှိတဲ့ခေါင်းဆောင်ပိုင်းကိုလည်း အရေးယူနိုင်ဖို့ လမ်းခင်းပေးရာရောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မကြာသေးမီက အထက်လွှတ်တော် ကြားနာစစ်ဆေးပွဲမှာလည်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီစုံစမ်းစစ်ဆေးမှုကို အများသိအောင် ထုတ်ပြန်ဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပြီးဖြစ်ပါတယ်။”

ကြားနာပွဲမှာ HRWနဲ့အတူAI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ Fortify Rights နဲ့ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ Human Rights, Refugees Internationa အဖွဲ့ ကိုယ်စားလှယ်တွေကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာတွေအပါအဝင် ကချင်၊ ရှမ်း၊ ကရင်စတဲ့ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစီရင်ခံတင်ပြခဲ့ကြပါတယ်။

Your browser doesn’t support HTML5

အကြမ်းဖက်မှု ဟန့်တားနိုင်ခြင်းမရှိကြောင်း မြန်မာအစိုးရကို ကန်လွှတ်တော် ဝေဖန်