ကင်တားနား ရခိုင်နဲ့ အင်းစိန် အကျဉ်းထောင် သွားရောက်

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်Tomas Ojea Quintana ဟာ သူရဲ့ ဒုတိယနေ့ ခရီးစဉ်မှာ ဇန်နဝါရီလအတွင်းက ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ကို ရောက်ခဲ့ချိန်မှာ အစိုးရအဖွဲ့ဝန်ကြီးတွေ အပါအဝင် ၊နှစ်ဖက် လူမှု အသိုင်းအဝိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ညနေပိုင်းမှာတော့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ခဲ့ပြီး အင်းစိန် အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ရန်ကုန် ရုံးရဲ့ ပြောခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

လူ့အခွင့်အရေး အခြေအနေတွေ လေ့လာဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ရခိုင်ပြည်နယ်ကို နေ့ခြင်းပြန်ခရီးသွားရောက်ခဲ့ပြီးတော့ လူ့အခွင့်အရေး အခြေအနေတွေကို သွားရောက်လေ့လာခဲ့တာပါ။

စစ်တွေဟိုတယ်မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးအချို့နဲ့ တွေ့ဆုံမှုတွေ လုပ်ခဲ့သလို၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ဗဟိုကော်မတီဝင် နှစ်ဦးနဲ့လည်း ဒီနေ့နေ့လယ်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ သူရဲ့ ခရီးစဉ်အတွင်းမှာပဲ ရခိုင်ပြည်နယ်အတွင်းက မူဆလင်ဘာသာဝင်တွေရဲ့ ဒုက္ခသည်စခန်း အချို့ကိုလည်း သွားရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရန်ကုန် ရုံးရဲ့ ပြောခွင့်ရှိသူ ဦးအေးဝင်းကပြောပါတယ်။

"ဒီနေ့ စစ်တွေကိုရောက်တယ်။ စစ်တွေမှာ ကျနော်တို့ နေရာဒေသအာဏာပိုင်တွေတွေနဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ အဲဒီမှာ ခေါင်းထိုးခါဆိုတဲ့ IDP စခမ်းရောက်ခဲ့တယ်။ နောက်ပြီးတော့ ရွှေစေတီကျောင်းရောက်ခဲ့ပါတယ်။ အဲဒီရောက်တုန်း RNDP က ကိုယ်စားလှယ်အချို့နဲ့ တွေ့ပါတယ်။ ရခိုင်ဖက်က ရခိုင် နိုင်ငံရေးပါတီ RNDP နဲ့တော့တွေ့ပါတယ်။ ရခိုင် IDP စခမ်းအသွားမှာ လမ်းတွေကပိတ်နေတယ်။ လုံခြုံရေးအရ မသွားတော့ပါဘူးခင်ဗျ"

သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ် အတွင်းမှာ ရခိုင်လူမျိုးအချို့က စစ်တွေဟိုတယ်ရှေ့မှာ မစ္စတာ ကင်တားနား ရခိုင်ပြည်နယ်လာတာကို ဆန့်ကျင်ကန့်ကွက်မှု အချို့လည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေ ရဲ့ ပြောပြချက်အရ သိရပါတယ်။ မစ္စတာ ကင်တားနာကို အဓိကကန့်ကွက်ကြတဲ့ အကြောင်းကတော့ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ရခိုင်လူမျိုးတွေ ထက် မွတ်ဆလင်ဘာသာဝင်တွေကို ပိုပြီးတော့ အလေးပေးပြောဆိုလေ့ရှိတာကို ကန်ကွက်ဆန္ဒပြတာလို့ ဆိုပါတယ်။

မစ္စတာ ကင်တားနား ရခိုင်ပြည်နယ် ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ RNDP က ဗဟိုကော်မတီ ဝင် ၂ ဦး ဖြစ်တဲ့ ဦးခင်မောင်ကြီး ၊ ဦးရွှေမောင်တို့နဲ့ တွေ့ဆုံမှုတွေ လုပ်ခဲ့ပါသေးတယ်။

RNDP နဲ့တွေ့ဆုံချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပေါ်မှာ RNDP ရဲ့ သဘောထား၊ မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ အခြေအနေနဲ ပတ်သက်ပြီး သဘောထားမေးမြန်းမှုတွေ နဲ့ ရခိုင်ပြည်နယ် အတွင်း ဖွံဖြိုးတိုးတက်ရေး အကူအညီပေးရေး အစီအစဉ် တွေ ရရှိမှုအပိုင်းတွေကို အဓိကထားပြီး ဆွေးနွေးမေးမြန်းသွားခဲ့တယ်လို့ RNDP ပါတီရဲ့ ဗဟိုကော်မတီ ဝင် ဦးခင်မောင်ကြီး က ဗွီအိုအေ ကို ပြောပါတယ်။

"ဆွေးနွေးတဲ့အပိုင်းကပေါ့ဗျာ ဖွဲ့စည်းပုံပြင်ဆင်ရေးအပိုင်းတွေပေါ့နော် ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်ပေါ့နော် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပါတ်သက်ပြီးလို့ပေါ့။ ကျနော်တို့ပါတီရဲ့ခံယူချက်ပေါ့နော်။ နောက်ပြီးတော့ ဒီဖက်ကအခြေအနေလေး တွေပေါ့နော်။ ဒီဖက်ကအခြေအနေလေးတွေမှာ သူတို့ ချဉ်းကပ်တဲ့ ပုံစံတွေက နဲနဲလွဲမှားနေတဲ့ အပိုင်းတွေကို ကျနော်တို့ကထောက်ပြတာပေါ့ဗျာ နော်။ အထူးသဖြင့် သူတို့ချဉ်းကပ်ခဲ့တဲ့ ရခိုင်လူမျိုးတွေကို နဲနဲလစ်လျှုရှုတဲ့ သဘောမျိုးဆန်တဲ့ အစိတ်အပိုင်းတွေကို ကျနော်တို့က ထောက်ပြတာပေါ့ဗျာ။ နောက်ပြီးတော့ ဖွံဖြိုးတိုးတက်မှုပေါ့နော်။ ဖွံဖြိုးတိုးတက်မှုအတိုင်းအတာနဲ့ ပါတ်သက်ပြီးပြီးတော့ သူတို့ဘက်က ဖွံဖြိုးတိုးတက်မှုအကူအညီတွေ ဒီဖက်ကဖြစ်နေလို့ရှိရင် ဖွံဖြိုးတိုးတက်မှုအကူအညီတွေ မရနိုင်ဘူးဆိုတဲ့အမြင်ပေါ့နော်။ အဲဒီအမြင်တွေအပေါ်မှာ ကျနော်တို့ပါတီရဲ့ အမြင်တွေကို ပြောခဲ့တာပေါ့ဗျာ"

ညနေပိုင်းမှာတော့ ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့ ပြန်လည်ရောက်ရှိခဲ့ပြီးတော့ ညနေ ၆နာရီလောက်မှာ အင်းစိန်ထောင်ကို သွားရောက်ပြီး ထောင်အာဏာပိုင်တွေ အပါအဝင် ထောင်သား အချို့နဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ဦးအေးဝင်း က ပြောပါတယ်။

"ရန်ကုန်ကို ညနေ ၆ နာရီပါတ်ဝန်းကျင်လောက်တော့ရောက်ပါတယ်ခင်ဗျ။ အခု အင်းစိန်က အကျဉ်းသားတစ်ချို့နဲ့တွေ့ခဲ့ပါတယ်ခင်ဗျာ။ အင်းစိန်က ထောင်အာဏာပိုင်တွေနဲ့ အရင်ဆုံးတွေ့ပြီးမှ အင်းစိန်ထောင်က အကျဉ်းသားတစ်ချို့နဲ့တွေ့ခဲ့ပါတယ်ခင်ဗျ"

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဖြစ်တဲ့ မစ္စတာ ကင်တားနားရဲ့ မနက်ဖန် စနေနေ့ ခရီးစဉ်မှာတော့ ရန်ကုန်မှာ ရှိတဲ့ သီလဝါ အထူးစီးပွားရေးဇုန်ကို သွားရောက်လေ့လာဖို့ ရှိတယ်လို့ ဦးအေးဝင်း က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ခရီးစဉ်အတွင်းမှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်အပြင် မုံရွာကြေးနီတူးဖော်ရေးလုပ်ငန်း၊ သီလဝါရေနက်ဆိပ်ကမ်းတွေဆီ မစ္စတာ ကင်တားနား အနေနဲ့ လေ့လာဖို့ ရှိတယ်လို့လည်း သူ့ရဲ့ ခရီးစဉ် ကို တရားဝင် ကြေငြာ ပြောဆိုထားတာပါ။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စီးပွားရေးအပြောင်းအလဲတွေက သာမန်ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိသလဲဆိုတာကိုလည်း အခုခရီးစဉ်မှာ လေ့လာသွားမယ်လို့ မစ္စတာ ကင်တားနား က ခရီးစဉ်မစတင်ခင်မှာ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာ အပြည့်အစုံကိုတော့ လူ့အခွင့်အရေးကောင်စီမှာ မတ်လ ၁၇ ရက်နေ့မှာ တင်သွင်းပြောဆိုမှာ ဖြစ်ပါတယ်