အချိန်အခါမဟုတ် ထူးခြားတဲ့ ဆောင်းရာသီနှင်းမုန်တိုင်းနဲ့ နွေဦးရာသီမုန်တိုင်းတွေ တနင်္ဂနွေနေ့က တပြိုင်တည်း ဖြစ်ပေါ်ခဲ့တဲ့ဒဏ်ကို အမေရိကန်ပြည်ထောင်စု၊ တောင် Dakota ပြည်နယ်က ဒေသခံတွေ အသီးသီး ခံစားနေကြရပါတယ်။
ပြည်နယ်ရဲ့အရှေ့ပိုင်း Delmont မြို့မှာ တနင်္ဂနွေနေ့ အစောပိုင်းက လေဆင်နှာမောင်း တိုက်ခတ်သွားတဲ့အတွက် အိမ်နဲ့ တခြား အဆောက်အဦးအများအပြား ပျက်စီးသွားခဲ့ပါတယ်။ အနည်းဆုံး လူ ၃ ဦးလည်း ထိခိုက် ဒဏ်ရာရသွားပါတယ်။
ပြည်နယ်ရဲ့ တခြား ဆန့်ကျင်ဘက်အခြမ်းမှာတော့ လေဆင်နှာမောင်း မဟုတ်ဘဲ နှင်းမုန်တိုင်းကျခဲ့ပါတယ်။ နှင်းမုန်တိုင်းကျမယ့် အရေးပေါ် သတိပေးချက်တွေ ပြည်နယ် အနောက်ဘက်ခြမ်းမှာ တနင်္ဂနွေနေ့က ထုတ်ပြန်ထားရပြီး နေ့မကူးခင်မှာ နှင်းထုနှစ်ပေနီးပါး ကျမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီ နှင်းမုန်တိုင်းတခုတည်းကြောင့်ပဲ Rocky တောင်တန်းဒေသတွေမှာ တနင်္ဂနွေနေ့ က နှင်းတွေကျခဲ့သလို အမေရိကန်တောင်ပိုင်းနဲ့ အနာက် အလယ်ပိုင်းဒေသတွေ မှာ ပြင်းထန်တဲ့ မိုးသက်မုန်တိုင်းတွေနဲ့ လေဆင်နှာမောင်းတွေ တိုက်ခတ်ခဲ့ တဲ့အတွက် ဒေသခံတွေ သန်းနဲ့ချီပြီးဒုက္ခရောက်ခဲ့ပါတယ်။
ဒီအတောအတွင်း အတ္တလန္တိတ် သမုဒ္ဒရာတလျှောက်က တောင် Carolina ပြည်နယ်၊ Myrtle အပန်းဖြေကမ်းခြေကို အချိန်အခါမဟုတ် မုတ်သုန်မုန်တိုင်း တနင်္ဂနွေနေ့က ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။
အတ္တလန္တိတ် သမုဒ္ဒရာနဲ့ မက္ကဆီပင်လယ်ကွေ့တွေကနေ စတင်ပြီး Hurricane ပြင်းထန်တဲ့ မုန်တိုင်းအဖြစ် ပြောင်းလဲသွားနိုင်တဲ့ မုတ်သုန် မုန်တိုင်းဟာ ပုံမှန်အားဖြင့် ဇွန်လကုန်ပိုင်းအထိ စတင်လေ့မရှိပါဘူး။