ကွယ်လွန်သူ John McCain ကို အရီဇိုးနားလွှတ်တော်ထဲမှာ ဂုဏ်ပြု နှုတ်ဆက်နေကြ

ဲJohn McCain ကို နှုတ်ဆက်နေသည့် ဇနီးသည် Cindy McCain ။ ၂၉ သြဂုတ် ၂၀၁၈။

ကွယ်လွန်သူ အထက်လွှတ်တော်အမတ် John McCain ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းထည့်ထားတဲ့ အခေါင်းကို အမေရိကန် အလံ လွှမ်းခြုံပြီးတော့ အမှတ်တရ ဂုဏ်ပြုကြဖို့အတွက် သူ့မဲဆန္ဒနယ်မြေဖြစ်တဲ့ အရီဇိုးနားပြည်နယ်၊ Phoenix မြို့က လွှတ်တော် အဆောက်အဦးထဲမှာ ဗုဒ္ဓဟူးနေ့ကစလို့ စီစဉ်ပေးထားပါတယ်။

မစ္စတာမက်ကိန်းရဲ့ ဇနီးဖြစ်သူ Cindy McCain က အခေါင်းကို ခပ်ဖွဖွလေး တို့ထိပြီး ဆိတ်ငြိမ်စွာပဲ ဒူးညွတ်ပြီးတော့ အမေရိကန် အလံနဲ့ သူ့ရဲ့ပါးကို ခနတာ ထိကပ်နှုတ်ဆက်ပါတယ်။ ကျန်မိသားစုဝင်တွေနဲ့ တခြားလူတွေဟာလည်း သူ့ရဲ့အခေါင်းဆီကို လာပြီး တော့ ဂုဏ်ပြု နှုတ်ဆက်ကြပါတယ်။ မစ္စတာမက်ကိန်းရဲ့သားတွေက သူတို့ရဲ့ သက်ဆိုင်ရာ စစ်ဘက်ဝတ်စုံတွေ ဝတ်ဆင်ပြီး လာ နှုတ်ဆက်ကြသလို သမီးဖြစ်သူ Meghan McCain ငိုကြွေး နှုတ်ဆက်တာကိုလည်း တွေ့ရပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့ဟာ မစ္စတာမက်ကိန်းရဲ့ ၈၂ နှစ်မြောက် မွေးနေ့လည်းဖြစ်ပါတယ်။

အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး Doug Ducey က မစ္စတာမက်ကိန်းအမှတ်တရအဖြစ် ခပ်တိုတို ပြောဆိုတာမှာ လွှတ်တော် အမတ်တွေအနေနဲ့ စေ့စပ်ညှိနှိုင်းပြီး အဖြေရှာဖို့ရာ သူတို့ရဲ့ မတူကွဲပြားမှုတွေကို ဘေးဖယ်ပြီး လက်တွဲလုပ်ဆောင်ဖို့ ကြိုးစားသူ နိုင်ငံရေးသမားအနည်းငယ်ထဲက တဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုသွားပါတယ်။

ကြာသပတေးနေ့မှာ အမှတ်တရ အောက်မေ့ဖွယ်အခမ်းအနားတခု လုပ်ပြီးတဲ့နောက် မစ္စတာမက်ကိန်းရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ် အလောင်းကို ဝါရှင်တန်မြို့တော်ကို လေယာဉ်နဲ့ သယ်ဆောင်လာပြီး သောကြာနေ့မှာတော့ လွှတ်တော်အဆောက်အဦးထဲမှာ ဆင်ယင်ထားမှာဖြစ်ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ဘဝနဲ့ တိုင်းပြည်ဝန် ထမ်းခဲ့တာတွေအပေါ် အမှတ်တရ ဂုဏ်ပြု အခမ်းအနားတခု ကိုလည်းကျင်းပမှာပါ။

စနေနေ့မှာတော့ ဝါရှင်တန်မြို့တော်က National Cathedral ဘုရားကျောင်းကြီးထဲမှာ အမှတ်တရ ဂုဏ်ပြုအခမ်းအနား ဆက်လုပ်ပြီး အဲဒီမှာ သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဘရာ့ခ် အိုဘားမားနဲ့ George W. Bush တို့က အမှတ်တရ ဂုဏ်ပြုစကား တွေပြောကြားမှာပါ။

တနင်္ဂနွေနေ့မှာ မစ္စတာမက်ကိန်းရဲ့ ရုပ်အလောင်းကို သူ တက်ရောက်ခဲ့တဲ့ မေရီလန်းပြည်နယ်၊ Annapolis မြို့က အမေရိကန် ရေတပ်အကယ်ဒမီ စစ်သချိုၤင်းမှာ မြေမြှုပ်သဂြိုၤမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကွယ်လွန်သူ John McCain ကို အရီဇိုးနားလွှတ်တော်ထဲမှာ ဂုဏ်ပြု နှုတ်ဆက်နေကြ