တရုတ်နဲ့အမေရိကန်အကြား တင်းမာနေတဲ့ ကုန်သွယ်ရေးအခြေအနေတွေ ပြေလည်စေရေး နောက်ဆုံးအဆင့် အဆုံးသတ်သဘောတူ ညှိနှိုင်းတဲ့အနေနဲ့ နောက်လထဲမှာ တရုတ်သမ္မတရှီကျင်းပင်ကို အမေရိကန်သမ္မတဒေါ်နလ် ထရမ့်က အမေရိကန်ကိုဖိတ်ခေါ်ပြီး ဆွေးနွေးမှုတွေလုပ်မယ့်သဘော သမ္မတထရမ့်က မနေ့ကပဲပြောလိုက်တဲ့အကြောင်း ဝါရှင်တန်ပို့စ်အပါအဝင် အမေရိကန်သတင်းဌာနတွေမှာရေးသားဖေါ်ပြနေကြပါတယ်။
ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေ ပြေလည်ရေးကြိုးပမ်းမှုတရပ်အနေနဲ့ တရုတ်ဒုဝန်ကြီးချုပ် Liu He နဲ့ သမ္မတထရမ့်တို့ အိမ်ဖြူတော်မှာ မနေ့က တွေ့ဆုံခဲ့ကြပါသေးတယ်။ အမေရိကန်မှာ ညှိနှိုင်းဖို့ ရောက်နေတဲ့ တရုတ်ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ အခုသီတင်းပတ်ကုန်အထိ ဆက်ပြီး ညှိနှိုင်းကြမှာဖြစ်ပြီး တနင်္ဂနွေနေ့ ဒါမှမနဟုတ် တနင်္လာနေ့မှာ တရုတ်နိုင်ငံကို ပြန်ကြပါလိမ့်မယ်။
ညှိနှိုင်းမှုတွေက အဆင်ပြေတယ်၊ ဒါပေမဲ့လည်း ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ရလိမ့်ဦးမယ်။ သမ္မတရှီကျင်းပင်နဲ့ မကြာခင်ကာလမှာ တွေ့ဆုံဖို့ လည်း မျှော်လင့်ရတယ်လို့ သမ္မတထရမ့်က သတင်းထောက်တွေကို အိမ်ဖြူတော်မှာ မနေ့ကပြောခဲ့ပါတယ်။ တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေဖြစ်လာနေတာ တနှစ်နီးပါးရှိလာပါပြီ။ ဒီကာလအတောအတွင်း ၂ ဘက်နိုင်ငံက ကုန်သွယ်ရေးဆိုင်ရာအရာရှိတွေရဲ့ အပြန်အလှန် ညှိနှိုင်းမှုတွေက တရုတ်မှာရော အမေရိကန်မှာပါ ကျင်းပနေကြတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ထူးခြားတဲ့ တိုးတက်မှုတွေဖြစ်ပေါ်လာတာတော့ မမြင်ရသေးပါဘူး။ ထူးခြားတဲ့ပြေလည်မှုတခုခုမရရင် အခုလာမယ့်မတ်လတရက်နေ့မှာ တရုတ်နိုင်ငံက သွင်းကုန်တွေရဲ့ ဒေါ်လာ၂၀၀ ဘီလျှံဘိုးမှာ ၁၀ ရာခိုင်နှုန်း အခွန်ကောက်နေရာက ၂၅ ရာခိုင်နှုန်းတိုးမြှင့်ပြီးကောက်ခံသွားမယ်လို့ သမ္မတ ထရမ့်က ကြေညာထားပေမဲ့လည်း ဒီသတ်မှတ်ရက်ကို နောက်ဆက်ပြီး ရွှေ့ဆိုင်းနိုင်တယ်လို့လည်း သမ္မတထရမ့်က မနေ့က ပြောပါတယ်။
Your browser doesn’t support HTML5