မြောက်ကိုရီးယားအရေး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား သဘောထားကွဲလွဲမှုတွေ မရှိကြောင်း၊ သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ရဲ့ ဘေဂျင်းမြို့တော်က တွေ့ဆုံဆွေးနွေးမှုအပြီးမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားအရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို ၂ နိုင်ငံ ခေါင်းဆောင်တွေ အာရုံစိုက်ဆွေးနွေးခဲ့ကြအပြီး၊ သမ္မတ Trump ရဲ့ ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ ဝန်ကြီး Tillerson က သတင်းထောက်တွေကို ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။ လူ့အခွင့်အရေး ကိစ္စတွေနဲ့ တောင်တရုတ် ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတာတွေအပေါ် ခေါင်းဆောင် ၂ ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
၂ ရက်တာ တွေ့ဆုံမှုတွေအတွင်း မြောက်ကိုရီးယားအရေး ဆွေးနွေးရာမှာ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားကို လက်ခံမှာ မဟုတ်ဘူးဆိုတာကို တရုတ်နိုင်ငံက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြောင်းလည်း ဝန်ကြီး Tillerson က ပြောဆိုခဲ့တာပါ။ ၂ နိုင်ငံကြား ရည်မှန်းချက်တွေမှာ ကွာဟမှုတွေ မရှိကြောင်းနဲ့ ကိုယ်ပိုင်နည်းဗျုဟာတွေ၊ အချိန်ကာလသတ်မှတ်ချက်တွေ၊ ဖိအားပေးမယ့် အစီအစဉ်တွေ ရှိကြတဲ့အတွက် အပြန်အလှန် အချိန်ပေးဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
တရုတ်သမ္မတ Xi Jinping အနေနဲ့ ခိုင်မာအားကောင်းသူ တဦးဖြစ်တာကြောင့်၊ ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သမ္မတ Trump က ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ သမ္မတ Trump ကတော့ လူသတ်သမားမြောက်ကိုရီးယားလို့ သုံးနှုန်းပြီး၊ ကမ္ဘာကြီးနဲ့ ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မှုက လွတ်မြောက်အောင် တရုတ်နဲ့ အမေရိကန် ပူးပေါင်းကြိုးပမ်းဖို့ လိုအပ်ကြောင်း ဒီကနေ့ အစောပိုင်းမှာပဲ ပြောဆိုခဲ့တာပါ။
နျူကလီးယား လက်နက်နဲ့ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးတွေ တည်ဆောက်နိုင်အောင် မြောက်ကိုရီးယားက မြန်မြန်ဆန်ဆန် လုပ်နိုင်ခဲ့တဲ့ အခွင့်အရေးရခဲ့တာမျိုးလို အတိတ်က အမှားမျိုး ပြန်မလုပ်မိဖို့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား သဘောတူ လက်ခံထားကြောင်းလည်း သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5