ရုရှား ယူကရိန်းစစ်ပွဲမှာ လက်နက်မျိုးစုံ တိုးမြင့်အသုံးပြုလာတဲ့အပေါ် ရွေးကောက်ခံသမ္မတ Donald Trump ကအလွန်စိုးရိမ်ကြောင်း Trump က အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ရွေးချယ်ထားတဲ့ Michael Waltz က ပြောပါတယ်။
ဖလော်ရီဒါလွှတ်တော်အမတ် Waltz က “ Fox News Sunday” အစီအစဥ်ကို တနင်္ဂနွေနေ့မှာ အဲဒီလိုပြောဆိုခဲ့တာပါ။ မကြာခင်သက်တမ်းကုန်ဆုံးတော့မယ့် သမ္မတဂျိုးဘိုင်ဒန်က ရုရှားတို့ရဲ့ မြေပြင်ထိုးစစ်တွေရပ်သွားအောင် ယူကရိန်းကို မြေမြှပ်မိုင်းတွေအသုံးပြုခွင့်ပေးလိုက်တာဟာ ပထမကမ္ဘာစစ်တွင်းက ကတုတ်ကျင်းစစ်ဆင်ရေးနဲ့ အလားတူနေပြီလို့လည်း Waltz က ဝေဖန်သွားပါတယ်။ ပဋိပက္ခတွေအဆုံးသတ်သွားအောင် ကျယ်ကျယ်ပြန့်ပြန့် စဥ်စားပြီးမှ ဆုံးဖြတ်ဖို့လိုတယ်လို့လည်းပြောဆိုခဲ့တာပါ။
ယူကရိန်းအရှေ့ပိုင်းက အဓိက စစ်မြေပြင်မှာ စစ်ရေးအခြေအနေတွေပြောင်းလဲ သွားအောင် အမေရိကန်နိုင်ငံက မြေမြှပ်မိုင်းတွေ ယူကရိန်းကို ပို့ပေးနေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြီးခဲ့တဲ့တပတ်မှာပြောဆိုခဲ့ပါတယ်။ ရုရှားရဲ့ မြေပြင်တပ်ဖွဲ့တွေကြောင့် မော်စကိုရဲ့ ထိုးစစ်တွေအသာစီးရနေတာဖြစ်တဲ့အတွက် ယူကရိန်းဖက်က ရုရှားတပ်တွေအားပျော့သွားစေမယ့် နည်းလမ်းတွေလိုအပ်တယ်လို့လည်း ဝန်ကြီး Austin ကပြောပါတယ်။
Trump ကတော့ ၄၇ ယောက်မြောက်သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုခင်မှာ ရုရှားယူကရိန်းစစ်ပွဲကို သူ့အနေနဲ့ အဆုံးသတ်သွားအောင် လုပ်နိုင်တယ်လို့ မကြာခဏပြောဆိုထားတာပါ။ မဲဆွယ်စည်းရုံးပွဲတွေမှာ အဲဒီလိုပြောဆိုခဲ့ပေမယ့် ရုရှား ယူကရိန်းစစ်ပွဲကို ဘယ်လိုရပ်သွားအောင်လုပ်မလဲဆိုတာကိုတော့ စက်တင်ဘာမှာကျင်းပတဲ့ သမ္မတ စကားစစ်ထိုးပွဲမှာ Trump က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
Your browser doesn’t support HTML5