မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံရေး ဒေါ်နယ်လ်ဒ် ထရမ့်ပ် အကောင်းမြင်

Panmunjom အပစ်ရပ်ကျေးရွာတွင် တွေ့ရသည့် တောင် မြောက် ကိုရီးယားခေါင်းဆောင်နှစ်ဦး။ ၂၇ ဧပြီ ၂၀၁၈။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတဲ့ကိစ္စ အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အကောင်းမြင် ပြောဆိုပါတယ်။ တောင်ကိုရီးယားသမ္မတ Moon Jae-in ၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့နဲ့ စနေနေ့ က သီးခြားစီ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုပြီးတဲ့နောက် သမ္မတထရမ့်ပ်ရဲ့ အကောင်းမြင် ပြောဆိုချက် ထွက်လာတာပါ။

သမ္မတ Moon နဲ့ “သိပ်ကောင်းတဲ့ ပြောဆိုမှု” ရှိခဲ့ပြီး Kim Jong Un နဲ့ ထိပ်သီး အစည်းအဝေး အစီအစဉ်နဲ့ပတ်သက်လို့ ဝန်ကြီးချုပ် Abe ကို နောက်ဆုံးအခြေအနေ ပြောပြခဲ့တယ်လို့ သမ္မတထရမ့်ပ်က Twitter မှာရေးပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာ ရန်စောင်နေတဲ့အခြေအနေ အဆုံးသတ်ရေး ဘယ်တုန်းကနဲ့မှမတူအောင် နီးစပ်နေပြီဆိုတဲ့ အကောင်းမြင် ပြောဆိုချက်တွေကို အဓိက အမေရိကန်ခေါင်းဆောင်တွေ ပြောလာနေကြတာပါ။

တောင် မြောက် ကိုရီးယားနှစ်နိုင်ငံအကြား သမိုင်းဝင် ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး သောကြာနေ့က အိမ်ဖြူတော်မှာ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်နဲ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မေးတဲ့အခါ သမ္မတထရမ့်ပ်က “သူ ကစားနေ တယ်လို့ ကျနော်မထင်ပါဘူး” ဆိုပြီး ပြန်ဖြေသွားပါတယ်။

တွေ့ဆုံပွဲကို “သိပ်မကြာခင်မှာ” စီစဉ်မယ်လို့ သမ္မတထရမ့်ပ်က ပြောပေမဲ့ အချိန် အတိအကျကိုတော့ ပြောမသွားပါဘူး။ မေလ နှောင်းပိုင်း ဒါမှမဟုတ် ဇွန်လအစောပိုင်းမှာ ဖြစ်လာဖွယ်ရှိတဲ့ ထိပ်သီးအစည်းအဝေးလုပ်မယ့် ဖြစ်နိုင်ခြေ နေရာသုံးခုအထိကို စဉ်းစားနေတယ်လို့လည်း သမ္မတထရမ့်ပ်က ပြောသွားပါတယ်။