ရုရှားနဲ့ဆက်နွယ်မှု အထူးစုံစမ်းရေးမှူးခန့်အပ်တဲ့အပေါ် သမ္မတTrump တုံ့ပြန်

သမ္မတ Trump

ပြီးခဲ့တဲ့နှစ် အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတ Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရုရှားနိုင်ငံတို့ကြား ဆက်နွယ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အထူးစုံစမ်းရေးမှူး ခန့်အပ်လိုက်တာဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး နိုင်ငံရေးအရ အောက်လမ်းတိုက်တဲ့ လုပ်ရပ်အဖြစ် သမ္မတက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton နဲ့ သမ္မတဟောင်း Barack Obama အစိုးရတို့က ဥပဒေမဲ့ လုပ်ရပ်တွေ ကျုးလွန်ခဲ့တုန်းကတော့ အထူးစုံစမ်းရေးမှူး ခန့်အပ်တာဝန်ပေးတာမျိုး မရှိဘူးလို့ သမ္မတ Trump က Twitter လူမှုကွန်ယက်မှာ ကြာသပတေးနေ့ မနက်ပိုင်းက ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲတုန်းက သမ္မတ Trump အနိုင်ရဖို့ ရုရှားအစိုးရ တာဝန်ရှိသူတွေနဲ့ ပတ်သက်ခဲ့တဲ့ ရာဇဝတ်မှုမြောက်နိုင်တဲ့ လုပ်ရပ်တွေ ရှိ-မရှိ စုံစမ်းစစ်ဆေးမှုတွေကို ကြီးကြပ်ဖို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ညွှန်ကြားရေးမှူးဟောင်း Robert Mueller ကို တာဝန်ပေး ခန့်အပ်လိုက်ကြောင်း မနေ့က ကြေညာခဲ့တဲ့အပေါ် သမ္မတ Trumpက တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းကတော့ သမ္မတ Trump ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဒီမိုကရက်ပါတီ မဲဆွယ်ပွဲ တာဝန်ခံ John Podesta ရဲ့ ကွန်ပြူတာတွေကို ဖောက်ထွင်း တိုက်ခိုက်ပြီး ရုရှားက ကြားဝင်နှောက်ယှက်ခဲ့ကြောင်း ပြောဆိုထားကြတာပါ။ လျို့ဝှက်ချက်တွေကို အင်တာနက်မှာ ဖော်ပြနေတဲ့ WikiLeaks ဝဘ်ဆိုဒ်ကလည်း နောက်ပိုင်းမှာ ဒီမိုကရက်ပါတီ မဲဆွယ်ပွဲ တာဝန်ခံရဲ့ အီးမေးထောင်ပေါင်းများစွာကို ဖွင့်ချခဲ့တဲ့အတွက် ပါတီတွင်းမှာ ကလင်တန် အနိုင်ရအောင် နောက်ကွယ်က လှုပ်ရှားမှုတွေ ထွက်ပေါ်ခဲ့ရာက အရှက်ရစရာတွေ ဖြစ်ခဲ့ရပါတယ်။

သမ္မတ Trump ရဲ့ စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ဆက်နွယ်မှုတွေကို FBI အပြင်၊ အမေရိကန် အထက်နဲ့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီတွေကပါ စုံစမ်းစစ်ဆေးနေချိန်မှာပဲ FBI ညွှန်ကြားရေးမှူးဟောင်း Mueller ဟာလည်း အထူးစုံစမ်းရေးမှူးအဖြစ် စတင်တာဝန်ယူလိုက်တာပါ။ သမ္မတ Trump ကတော့ ရွေးကောက်ပွဲ အောင်ပွဲကို ထိခိုက်စေမယ့် စုံစမ်းစစ်ဆေးမှုတွေကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်နှောက်ယှက်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေဟာ ဒီမိုကရက် ကိုယ်စားလှယ် ကလင်တန် ရဲ့ ရှုံးနိမ့်မှုအတွက် ဆင်ခြေပြဖို့ ကြိုးပမ်းမှုအဖြစ်နဲ့လည်း ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ရုရှားနဲ့ဆက်နွယ်မှု အထူးစုံစမ်းရေးမှူးခန့်အပ်တဲ့အပေါ် သမ္မတTrump တုံ့ပြန်