အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတ Donald Trump က သူ့ အစိုးရအဖွဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နေရာမှာ၊ စစ်ပြန်များရေးရာဝန်ကြီးဌာန ဝန်ကြီး David Shulkin ကို ဗုဒ္ဓဟူးနေ့က ရာထူးက ဖယ်ရှားလိုက်ပါတယ်။
သူ့နေရာမှာ အများလေးစားတဲ့ ရေတပ်ဗိုလ်ချုပ် ဆရာဝန် Ronny Jackson ကို လျာထားတယ်ဆိုတာ သမ္မတ Trump က သူ့Twitter အကောင့်ကနေ ကြေညာသွားပါတယ်။ လတ်တလောအားဖြင့်တော့ ကာကွယ်ရေးဝန်ကြီးဌာနက Robert Wikie က ယာယီဝန်ကြီးအဖြစ်တာဝန်ယူထားသလို၊ ရာထူးက ဖယ်ရှားလိုက်တဲ့ Dr.David Shulkin ကိုလည်း စစ်မှုထမ်းဟောင်းတွေနဲ့တိုင်းပြည်အတွက် သူတာဝန်ယူခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်းလည်း သမ္မတ Trump က Twitter ကနေ ရေးသားခဲ့ပါတယ်။ အခု ဝန်ကြီးသစ်အဖြစ်လျာထားတဲ့ Mr.Jackson ဟာ သမ္မတ ပုဂ္ဂိုလ် ရေး ဆရာဝန်အဖြစ် တာဝန်ယူနေသူပါ။ သူ့ကို ၂၀၁၃ ခုနှစ်ကတည်းက သမတ အိုဘားမားက ခန့်အပ်ခဲ့တာဖြစ်ပြီး၊ သမ္မတ Trump လက်ထက်မှာလည်း သူ့ကို အဲဒီနေရာ ဆက်ထားခဲ့ပါတယ်။
ရာထူးကဖယ်ရှားခံရတဲ့ Dr. Shulkin ဟာ သမ္မတအိုဘားမားလက်ထက်ကတည်းက စစ်ပြန်များရေးရာ ဝန်ကြီးဌာနကို တာဝန်ယူခဲ့တာဖြစ်ပြီး၊ ဒီမတိုင်ခင် လအတန်ကြာတွေမှာ သမ္မတ Trump က ခန့်အပ်ထားတဲ့ အကြီးတန်းဝန်ထမ်းတွေနဲ့ အတော်လေး မကျေမလည်ဖြစ်တာတွေ အားပြိုင်မှုတွေ ရှိခဲ့ပါတယ်။
စစ်ပြန်တွေကို ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ခံစားခွင့်ရဖို့ ပိုပြီး တိုးလုပ်မယ့်ဆိုပေမယ့်၊ သူ့လက်ထက်မှာတော့ ဝန်ကြီးဌာန တခုလုံးကို ပုဂ္ဂလိက လုပ်ငန်းပိုင်းထဲကို လုံး၀ ထိုးထည့်မှာမဟုတ်ဘူးလို့ ကတိပြုထားပါတယ်။
ဒါပေမယ့် သမ္မတ ခန့်အပ်တဲ့ အကြီးတန်းအရာရှိတွေကတော့ ပုဂ္ဂလိက လုပ်ငန်းပိုင်းကို ပိုပြီး တိုးမြင့် ချဲထွင်လိုကြတာပါ။ ဒါကြောင့်လည်း အခုလို ဝန်ကြီးအပြောင်းအလဲလုပ်တာဟာ စစ်ပြန်ရေးရာ ဝန်ကြီးဌာနကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် ပြောင်းဖို့ ရည်မှန်းချက်အတွက် လုပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်ေးဆာင် Nancy Pelosi က ဝေဖန်ထားပါတယ်။
Your browser doesn’t support HTML5
ကန် စစ်ပြန်ရေးရာဝန်ကြီး ရာထူးကဖယ်ရှားခံရ