အမေရိကန် သမ္မတဟောင်း Donald Trump ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို ပြောင်းလဲပြီး အာဏာကို ဆက်လက်ထိန်းသိမ်းထားဖို့ တရားမဝင်ကြိုးစားခဲ့တယ်ဆိုပြီး ဖက်ဒရယ်အထူးတရားရုံး ဂျုရီ အဖွဲ့တဖွဲ့က မနေ့က တရားစွဲဆိုလိုက်ပါတယ်။ သမ္မတဟောင်း Trump နဲ့ အနီးကပ်လုပ်ကိုင်ခဲ့သူတွေရဲ့ သက်သေထွက်ဆိုချက်တွေ ပြန်ပြောပြချက်တွေကို လနဲ့ချီ ကြားနာစစ်ဆေးခဲ့ပြီးတဲ့နောက် ရာဇဝတ်မှု ၄ မှုနဲ့ တရားရေးဌာန အထူး စုံစမ်းစစ်ဆေးသူ Jack Smith က အမှုဖွင့် တရားစွဲဆိုလိုက်တာပါ။
သမ္မတ Joe Biden အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့မှုတွေအတွက် စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ အသက် ၇၇ နှစ်အရွယ် သမ္မတဟောင်း Trump ဟာ အမေရိကန်ပြည်ထောင်စုကို လိမ်ညာလှည့်ဖျားဖို့ ကြိုးစားခဲ့ပြီး တခြားသူတွေရဲ့ အခွင့်အရေးကို ခြိမ်းခြောက်ခဲ့သလို လွှတ်တော်မှာ ရွေးကောက်ပွဲရလဒ် တရားဝင် အတည်ပြုနိုင်ရေး လုပ်ငန်းစဉ်ကို နှောက်ယှက်ခဲ့တယ်လို့ စာမျက်နှာ ၄၅ မျက်နှာပါ စွဲဆိုချက်မှာ ထည့်သွင်းထားပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ လွတ်တော်က ရွေးကောက်ပွဲ ရလဒ် အတည်ပြုဖို့ လုပ်ဆောင်နေတဲ့အချိန် သမ္မတဟောင်း Trump ကို ထောက်ခံသူ အယောက် ၂ ထောင်လောက် လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ နှစ်ပေါင်း၂၄၇ နှစ်အတွင်း သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သမ္မတဟောင်းတယောက်အနေနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရမယ့်အစား တရားမဝင် နောက်ထပ် လေးနှစ် အာဏာ ဆက်လက် စွဲကိုင်နိုင်ရေး ကြိုးပမ်းခဲ့တယ်ဆိုပြီး တရားစွဲဆိုခံရတာပါ။ စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ ကြာသပတေးနေ့ ပထမဆုံး တရားရုံးရှေ့မှာ Trump ကိုယ်တိုင် လာရောက်ရင်ဆိုင်ရဖို့ ရှိပါတယ်။
Your browser doesn’t support HTML5