သမ္မတထရမ့်နဲ့ ကန်မီဒီယာတွေအကြာ ဆက်ဆံရေး ပိုမိုတင်းမာ

Newsrooms vs Trump

အမေရိကန်သမ္မတ Donald Trump က သတင်းမီဒီယာ အဖွဲ့အစည်းတချို့ကို မကြာခန ဝေဖန်တိုက်ခိုက် တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က သတင်းစာပေါင်း ရာနဲ့ချီ ပူးပေါင်းပြီး အရင်က မလုပ်ဘူးတဲ့ လှုပ်ရှားမှု တခု မနေ့တုန်းက စတင်လိုက်ပြီး နောက်မှာပဲ သမ္မတနဲ့ မီဒီယာတွေကြား ဆက်ဆံရေး ပိုတင်းမာလာနေ ပါတယ်။

လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ Boston Globe သတင်းစာကြီးကတော့ ပူးပေါင်းလှုပ်ရှားမှု ရလဒ်တွေကို ဝဘ်ဆိုဒ်မှာ ဖော်ပြထားတာပါ။ Wyoming ပြည်နယ်ကလွဲလို့ အမေရိကန် မှာ ရှိတဲ့ ကျန်ပြည်နယ်တွေ အားလုံးက သတင်းဌာနပေါင်း ၃၈၀ က လွတ်လပ်ပြီး အားကောင်းတဲ့ သတင်းမီဒီယာတွေကို အားပေးတဲ့ အယ်ဒီတာ့အာဘော်တွေကို ဒီနေ့အစောပိုင်းမှာပဲ ဖော်ပြခဲ့ကြပြီး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မီဒီယာတွေဟာ မမှန်သတင်းတွေ ဖြန့်ချီတယ်လို့ ထပ်တလဲလဲ စွပ်စွဲပြီး အမေရိကန် ပြည်သူတွေရဲ့ ရန်သူ အဖြစ် သမ္မတ Trump က ဝေဖန်နေချိန်မှာပဲ မီဒီယာတွေရဲ့ လှုပ်ရှားမှုတွေ ထွက်ပေါ်လာခဲ့တာပါ။ အတုအယောင် သတင်းတွေ ဖြန့်နေတဲ့ မီဒီယာတွေဟာ အတိုက်အခံပါတီတခု ဖြစ်နေပြီ ဆိုပြီးတော့လည်း Twitter လူမှုကွန်ယက် ကနေ မနေ့တုန်းကပဲ သမ္မတက ပြောဆိုထားပါတယ်။

မီဒီယာတွေရဲ့ လှုပ်ရှားမှုမှာတော့ သတင်းဌာန အယ်ဒီတာအဖွဲ့တွေရဲ့ သဘောထား ရပ်တည်ချက်တွေကို ထင်ဟပ်ဖော်ပြတဲ့ အယ်ဒီတာ့ အာဘော်တွေကို သတင်းစာ အသီး သီးက ဖော်ပြခဲ့ကြတာပါ။ လှုပ်ရှားမှုကို ဦးဆောင်တဲ့ Boston Globe သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်မှာတော့ သမ္မတ Trump ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အပေါ် အစဉ်တစိုက် တိုက်ခိုက်နေပြီး ပြည်သူ့ရန်သူအဖြစ် တံဆိပ်ကပ်တာဟာ ရာစုနှစ် ၂ ခုကြာ နိုင်ငံသားတွေကြားမှာ ကျင့်သုံးလာခဲ့တဲ့ အစဉ်အလာအတွက် အန္တရာယ်ရှိသလို အမေရိကန် မဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

Your browser doesn’t support HTML5

သမ္မတထရမ့်နဲ့ ကန်မီဒီယာတွေအကြာ ဆက်ဆံရေး ပိုမိုတင်းမာ