အမေရိကန်ကျဆုံးစစ်မှုထမ်းတွေအတွက် သမ္မတ အမှတ်တရ ဂုဏ်ပြု

အသက်စွန့်လွှတ် အနစ်နာခံသွားကြတဲ့ အမေရိကန်စစ်သည်တွေကြောင့် အမေရိကန်ပြည်ထောင်စုမှာ လွတ်လပ်မှုကိုခံစားနေကြရတာဖြစ်တယ်လို့ သမ္မတ Donald Trump ကပြောကြားဂုဏ်ပြုလိုက်ပါတယ်။ တနင်္လာနေ့က အမေရိကန်မှာကျရောက်တဲ့ Memorial Day အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် Arlington အမျိုးသား စစ်သချိုင်းမှာ အခမ်းအနားကျင်းပခဲ့တာမှာ သမ္မတ Trump ကခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ သူတို့ပေးဆပ်သွားခဲ့ကြတာနဲ့ ထိုက်တန်အောင် ကြိုးစားနေတယ်လို့လည်း ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေကို သမ္မတက ပြောခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် မေလနောက်ဆုံးပါတ် တနင်္လာနေ့တိုင်းကို ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုတဲ့ အောက်မေ့ဘွယ်နေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနားတွေကျင်းပပါတယ်။ ဝါရှင်တန်မြို့တော်နားမှာ တည်ရှိတဲ့ Arlington အမျိုးသားစစ်သချိုင်းမှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ သမ္မတ Donald Trump က အမည်မသိကျဆုံးသွားတဲ့စစ်သည်တွေအတွက် ရည်ရွယ်ထားတဲ့ အညတရ ဂူဗိမ္မာန်မှာ လွမ်းသူ့ပန်းခွေချခဲ့ပြီးနောက် တာဝန်ထမ်းဆောင်နေစဉ် ကျဆုံးသွားတဲ့ စစ်သည်အားလုံးကို ဂုဏ်ပြုခဲ့ပါတယ်။ သူတို့ရဲ့ အသက်တွေကို ပေးဆပ်သွားကြတဲ့အတွက် အမေရိကန်ပြည်ထောင်စုဟာ ဆက်လက်လုံခြုံ။ ခိုင်မာ။ လွတ်လပ်နေတာဖြစ်တယ်လို့ သမ္မတ Trump က အခမ်းအနား မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

"Arlington အမျိုးသားစစ်သချိုင်းရဲ့ ထွတ်မြတ်တဲ့ မြေပေါ်မှာ ကျွန်တော်တို့အခုစုဝေးပြီး အမေရိကန်ရဲ့ အကြီးမြတ်ဆုံး သူရဲကောင်းတွေရဲ့ အသက်ပေးဆပ်မှုနဲ့ ဆောင်ရွက်မှုတွေကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ လွတ်လပ်မှုအတွက် အသက်စွန့်သွားကြတဲ့ အမျိုးသား အမျိုးသမီးတွေကို ဂုဏ်ပြုပါတယ်။ သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုကို ချီးကျူးဂုဏ်ပြုပါတယ်။ သူတို့မိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းပူဆွေးရသလို သူတို့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ထိုက်တန်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။"

တနင်္လာနေ့က Arlington စစ်သချိုင်းမှာကျင်းပတဲ့ အောက်မေ့ဖွယ်နေ့ အခမ်းအနားကို သက်ရှိထင်ရှားရှိနေသေးတဲ့ ဒုတိယကမ္ဘာစစ်ပွဲက စစ်ပြန်ကြီး ၂ ယောက် ဖြစ်ကြတဲ့ အထက်လွှတ်တော်အမတ်ဟောင်း Bob Dole နဲ့ အသက် ၁၀၆ နှစ်ရွယ် ရေတပ်စစ်ပြန်ကြီး Ray Chavez တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ အခုအသက် ၁၀၆ နှစ်ရှိနေပြီဖြစ်တဲ့ Ray Chavez ဟာ 1941 ခုနှစ်က ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရမှုအတွင်း အသက်အကြီးဆုံးကျန်တဲ့ စစ်မှုထမ်းဟောင်းကြီးဖြစ်ပါတယ်။ သူတို့လို သူရဲကောင်းတွေနဲ့။ အသက်စွန့်သွားတဲ့ စစ်သည်တွေရဲ့ မိသားစုတွေကို အမေရိကန်ပြည်ထောင်စုက ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့လည်း သမ္မတ Trump ကမိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

"ကျဆုံးစစ်သည်တွေရဲ့ မိသားစုဝင်တိုင်းကို ပြောချင်တာက အချိန်ကြာသွားလို့ သူတို့ထားတဲ့တဲ့ အမွေအနှစ်တွေက ပျောက်ပျက်သွားမှာ မဟုတ်တဲ့အပြင် ပိုပြီးတော့တောင် ခိုင်မာလာမှာဖြစ်ပါတယ်။ သူတို့ထားရှိတဲ့ အမွေအနှစ်တွေက အဝေးကလာတဲ့ ပဲ့တင်သံလို တိုးမှိန်သွားမှာ မဟုတ်တဲ့အပြင် ပိုပြီးလေးနက် ကျယ်ပြန့်ပြီး နောက်မျိုးဆက်ပေါင်းများစွာအထိ ပျံ့နှံ့ရောက်ရှိသွားမှာဖြစ်ပါတယ်။"

အမေရိကန်တပ်တွေ ပါဝင်တိုက်ခိုက်တဲ့ စစ်ပွဲ ပဋိပက္ခတွေအတွင်း ပျောက်ဆုံးနေတဲ့ စစ်သည် ၈ သောင်း ၂ ထောင်ကိုလည်း အောက်မေ့ကြောင်း သမ္မတ Trump ကပြောကြားခဲ့ပြီး သူတို့ကို ရှာဖွေမှု ဘယ်တော့မှ ရပ်သွားမှာမဟုတ်ဘူးလို့ ကတိပြုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်ကို ၁၈၆၅ ခုနှစ်က စတင်ခဲ့တာဖြစ်ပါတယ်။ တောင်နဲ့မြောက် အမေရိကန်ပြည်တွင်းစစ်ပွဲ ပြီးသွားချိန်မှာ အရင်ကျွန်ပြုခံခဲ့ရသူ လူတစုက စစ်တွင်းကျဆုံးခဲ့သူတွေအတွက် ပထမဆုံးအောက်မေ့ဖွယ် အခမ်းအနားကို လုပ်ခဲ့ကြတာဖြစ်ပါတယ်။ တောင် Carolina ပြည်နယ် Charleston မြို့က Confederate အကျဉ်းစခန်းမှာ အစုလိုက်အပြုလိုက်မြှုပ်နှံထားတဲ့ Union တပ်ကစစ်သား ၂၅၀ ကျော်ရဲ့ အလောင်းတွေကို သူတို့က ပြန်ဖော်ပြီး အသေအချာ အခမ်းအနားနဲ့ ပြန်လည် မြှုပ်နှံပေးခဲ့ကြတာပါ။ အမေရိကန်ပြည်ထောင်စုမှာ အောက်မေ့ဖွယ်နေ့အခမ်းအနားကို ပြည်တွင်းစစ်ပွဲတွင်းမှာ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက်သာ ကျင်းပလာခဲ့ပြီး အနှစ် ၅၀ ကျော်အကြာ ပထမကမ္ဘာစစ်ပွဲမှာ အမေရိကန်တပ်တွေ ပါဝင်ခဲ့ပြီးနောက်မှာတော့ စစ်ပွဲအားလုံးမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေကို အောက်မေ့ဖွယ်နေ့မှာ ဂုဏ်ပြုလာတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်ကျဆုံးစစ်မှုထမ်းတွေအတွက် သမ္မတ အမှတ်တရ ဂုဏ်ပြု