ကန် ယာယီကာကွယ်ရေးဝန်ကြီးအသစ် သမ္မတ Trump ခန့်အပ်

သမ္မတ Trump နှင့် ကန် ယာယီကာကွယ်ရေးဝန်ကြီးအသစ် Patrick Shanahan (၂၀၁၈ ဧပြီလ)

ရာထူးက အနားယူသွားတဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis နေရာမှာ လက်ထောက် ကာကွယ်ရေးဝန်ကြီး Patrick Shanahan ကို ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ယာယီ အစားထိုး ခန့်အပ်သွားမယ်လို့ သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။ ဝန်ကြီး Mattis ကတော့ ရာထူးက အနားယူတော့မယ့်အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့တာပါ။

စွမ်းရည် အင်မတန် ပြည့်ဝတဲ့ လက်ရှိ လက်ထောက် ကာကွယ်ရေးဝန်ကြီး Patrick Shanahan ကို ယာယီ ကာကွယ်ရေးဝန်ကြီးအဖြစ် ဇန်နဝါရီလ ၁ ရက်၊ ၂၀၁၉ ခုနှစ်ကစပြီး တာဝန်ထမ်းဆောင်သွားမယ်ဆိုတာ ကျနော်အနေနဲ့ ဝမ်းမြောက်စွာ အသိပေးလိုပါတယ်လို့ Twitter လူမှုကွန်ယက်ကတဆင့် သမ္မတ Trump က ကြေညာလိုက်တာပါ။

ဝန်ကြီး Mattis က သူ့အနေနဲ့ ဖေဖော်ဝါရီလကုန်အထိ လက်ရှိရာထူးမှာ ဆက်လက် တာဝန်ထမ်းဆောင်သွားမယ့်အကြောင်း သူ့ရဲ့ နုတ်ထွက်စာထဲမှာ ဖော်ပြထားပေမယ့် သမ္မတ Trump က Shanahan ကို ယာယီဝန်ကြီးအဖြစ် ဇန်ဝန်ဝါရီလ ၁ ရက်နေ့ကစပြီး တာဝန်ထမ်းဆောင်ဖို့ ကြေညာလိုက်တာကြောင့် ဝန်ကြီး Mattis အနေနဲ့ ရာထူးကနေ ၂ လစောပြီး နုတ်ထွက်ရတဲ့သဘော သက်ရောက်သွားစေပါတယ်။

အရင်က Boeing လေကြောင်းကုမ္ပဏီ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Shanahan ကို လက်ထောက် ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၇ ခုနှစ်မှာ ခန့်အပ်ခဲ့တာပါ။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ကန့်ကွက်နေတဲ့ကြားကဘဲ ဆီးရီးယားက အမေရိကန် တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ပြန်လည် ရုပ်သိမ်းမယ့်အကြောင်း သမ္မတ Trump က ကြေညာအပြီး နောက်တနေ့မှာ ရာထူးက နုတ်ထွက်စာကို Mattis က သမ္မတထံ လူကိုယ်တိုင်သွားပေးခဲ့တာပါ။

Your browser doesn’t support HTML5

ကန် ယာယီကာကွယ်ရေးဝန်ကြီးအသစ် သမ္မတ Trump ခန့်အပ်