အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံတို့အကြား ဆက်ဆံရေး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ အချိန်မှာ အင်္ဂါနေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက သူ့ဆီ စာတစ်စောင် ပေးပို့ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒီ စာဟာ ပုဂ္ဂိုလ်ရေးအရ ရေးထားတဲ့ နှစ်လိုဖွယ်ကောင်းတဲ့ စာတစ်စောင် ဖြစ်ပြီး သူတို့ နှစ်ဦးအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်းလည်း သမ္မတက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Wayne Lee ပေးပို့ထားတဲ့ သတင်း အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဒီနှစ် ဖေဖော်ဝါရီလထဲမှာ ကျင်းပခဲ့တဲ့ ဟနွိုင်း ထိပ်သီး ဆွေးနွေးပွဲ မအောင်မမြင်နဲ့ ပြီးဆုံး သွားပြီးခဲ့တဲ့နောက် နှစ်နိုင်ငံ ဆက်ဆံရေး ရှေ့မတိုးသာ နောက်မဆုတ်သာ ရှိနေခဲ့ပါတယ်။ ဒီ အတောအတွင်း မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် လက်နက်တစ်ချို့ စမ်းသပ် ပစ်လွှတ်သလို ဇွန်လ ၅ ရက်နေ့ကလည်း မြောက်ကိုရီးယားနိုင်ငံအနေနဲ့ စိတ်ရှည်သည်းခံမှု အကန့်အသတ်ရှိတယ်လို့ ပြောကြားခဲ့ပြီး နျူကလီးယား အရေးဆွေးနွေးပွဲတွေ အပေါ် ချဉ်းကပ်ပုံကိုအမေရိကန်အနေနဲ့ ပြောင်းလဲဖို့ မြောက်ကိုရီးယား တောင်းဆိုခဲ့ ပါတယ်။ ဒီ အခြေအနေရောက်နေချိန်မှာ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ဆက်ဆံရေး အခြေအနေကောင်းမွန်နေပြီး ကင်မ်ဂျုံအွန်းဆီက စာတစ်စောင် တနင်္လာနေ့က လက်ခံ ရရှိတတယ်လို့ သတင်းထောက်တွေကို အခုလို ပြောပါတယ်။
“အခု မနေ့ကပဲ ကျွန်တော် ကင်မ်ဂျုံအွန်းဆီက စာတစ်စောင်ကို လက်ခံ ရရှိခဲ့ပါတယ်။ အဲဒီစာကို ခင်ဗျားတို့ကို နောက်တော့ ကျွန်တော် ပြပါမယ်။ သိပ် နွေးထွေးပြီး ပုဂ္ဂိိုလ်ရေးအရ ရေးထားတဲ့စာတစ်စောင်ဖြစ်တယ်။ ဒီ စာအတွက် ကျေးဇူးတင်တဲ့ အကြောင်း ပြောချင်ပါတယ်။”
အိမ်ဖြူတော်မှာ သတင်းထောက်တွေကို အခုလို ပြောကြားစဉ်မှာပဲ သမ္မတ ထရမ့်က သူ့လက်ထက်မှာ မြောက်ကိုရီးယားဘက်က နျူးကလီးယား စမ်းသပ်မှု ရပ်ဆိုင်းခဲ့ကြောင်း ဥပမာပေးပြောကြားရင်း သူတို့နှစ်ဦး အကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြောင်းနဲ့ နောက်ထပ် ထိပ်သီး ဆွေးနွေးပွဲ တစ်ခု ရှိလာနိုင်ကြောင်း အခုလို ပြောခဲ့ပါတယ်။
“နျူးကလီးယား လက်နက် စမ်းသပ်တာ မရှိတော့ပါဘူး။ သိပ်အန္တရာယ်ကြီးတဲ့ ဒုံးကျည် စမ်းသပ်တာမျိုးတွေလည်း မရှိတော့ပါဘူး။ ဘာတစ်ခုကမှ ကျွန်တော် သမ္မတ ဖြစ်ခါစကနဲ့ မတူတော့ပါဘူး။ ကျွန်တော် သမ္မတ ဖြစ်ခါစက မြောက်ကိုရီးယားကိစ္စက တကယ့်ကို အရှုပ်ကြီး တစ်ခု ပါပဲ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက သိပ်ကောင်းပါတယ်။ မနေ့ကရတဲ့ စာကြောင့် ကျွန်တော် ပြောနိုင်တာက ထူးခြား ကောင်းမွန်မယ့်ဟာ တစ်ခုခုတော့ ဖြစ်လာတော့မယ် ဆိုတာပါပဲ။”
ဘယ်လို ထူးခြားတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာမလဲ ဆိုတာကိုတော့ သမ္မတ ထရမ့်က အသေးစိတ် မပြောခဲ့ပါဘူး။ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည် စမ်းသပ်မှုတွေ ပြုလုပ်တဲ့ အပေါ်မှာ သမ္မတ ထရမ့်က သူ့အနေနဲ့ စိုးရိမ် ပူူပန်မှုသိပ် မရှိဘူးလို့ ပြောထားခဲ့ပါတယ်။
အင်္ဂါနေ့က ထွက်လာတဲ့ Anna Fifield ရေးထားတဲ့ The Great Successor စာအုပ်မှာ ကင်မ်ဂျုံအွန်းရဲ့ ဖအေတူ မအေကွဲ အစ်ကို ဖြစ်သူ ကင်မ်ဂုျံးနမ်းဟာ CIA နဲ့ ပတ်သက်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒီ ကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေက သမ္မတ ထရမ့်ကို မေးတဲ့အခါ သမ္မတ အခုလို ပြောပါတယ်။
“ကင်မ်ဂျုံအွန်းရဲ့ ဖအေတူ မအေကွဲအစ်ကိုက CIA နဲ့ ပတ်သက်ခဲ့တယ်ဆိုတာကို ဖတ်လိုက်ရတယ်။ ဒီမှာ ကျွန်တော့်လက်ထက်မှာ ဒီကိစ္စမျိုး မဖြစ်ကို မဖြစ်စေရဘူးလို့ သူ့ကို ကျွန်တော် ပြောပါမယ်။”
အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဟာ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ ဒုံးကျည် လက်နက် စမ်းသပ်မှုတွေဟာလည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်နေတယ်လို့ အမျိုးသား လုံခြုံရေး အကြံပေး John Bolton နဲ့ အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေက ပြောနေကြပါတယ်။ ဒါပေမဲ့ သမ္မတ ထရမ့်က သူ့နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သလို တနင်္လာနေ့က လက်ခံ ရရှိတဲ့ စာအရလည်း နောက်ထပ် ဆွေးနွေးပွဲ ထပ်ရှိလိမ့်မယ်လို့ မျှော်လင့် နေတာပါ။ သမ္မတ ထရမ့်အနေနဲ့ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ဒီလ နှောင်းပိုင်းမှာ ပြုလုပ်မယ့် G-20 အစည်းအဝေးမှာတော့ တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။
Your browser doesn’t support HTML5