Trump အစိုးရသစ်အတွက် ဘီလျံနာသူဋ္ဌေးကြီးကို ဘဏ္ဍာရေးဝန်ကြီးလျာထား

သမ္မတဒေါ်နယ်ထရန့်အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် လျာထားခံရသူ ဘီလီယံနာသူဌေးကြီး Scott Bessent (AP Photo/Matt Kelley)

အရွေးကောက်ခံ သမ္မတဒေါ်နယ်ထရန့်ဟာ ဘီလီယံနာသူဌေးကြီး Scott Bessent ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် လျာထားလိုက်ကြောင်း သောကြာနေ့ညက ကြေညာခဲ့ပါတယ်။

အသက် ၆၂ နှစ်အရွယ် Bessent ဟာ Key Square Capital Management ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီကို တည်ထောင်သူဖြစ်ပြီး၊ ပရဟိတလုပ်ငန်းတွေလုပ်တဲ့ သူဋ္ဌေးကြီး George Soros ရဲ့ Soros Fund Management လုပ်ငန်းကြီးရဲ့ ငွေကြေးတွေကို ၁၉၉၁ ခုနှစ်ထဲက စီမံခန့်ခွဲ ရင်းနှီးမြှုပ်နှံပေးခဲ့သူ ဖြစ်ပါတယ်။

တကယ်သာ သူဘဏ္ဍာရေးဝန်ကြီး ဖြစ်လာမယ်ဆိုရင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးတွေထဲမှာ ပထမဆုံး ပွင့်ပွင့်လင်းလင်း လိင်တူစုံမက်သူဝန်ကြီး ဖြစ်ပါလိမ့်မယ်။

Bessent ဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုပိုင်း ကျွမ်းကျင်သူ၊ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ မဟာဗျူဟာကျွမ်းကျင်သူအဖြစ် အများလေးစားခံရသူ ဖြစ်တယ်လို့ Trump ရဲ့ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။ သူဟာ အစိုးရအသုံးစားရိတ် လျော့ချရေးသဘောထားရှိသူဖြစ်ပြီး၊ တင်ရှိနေတဲ့ ကြွေးမြီတွေ လျော့ချနိုင်အောင်လုပ်ဖို့ သဘောထားရှိသူလည်း ဖြစ်ပါတယ်။

Scott Bessent ဟာ ဒီမိုကရက်ထောက်ခံသူတဦး ဖြစ်ပေမယ့်၊ အခုအခါ ဒေါ်နယ်ထရန့်ကို အပြည့်အဝထောက်ခံသူတဦး ဖြစ်လာပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ ပြည်တွင်းအခွန် လျော့ချရေးကို ထောက်ခံပြီး၊ သွင်းကုန်တွေနဲ့ ပတ်သက်လို့ အခွန်တိုးမြှင့်ရေးအစီစဉ်ကို ထောက်ခံသူလည်း ဖြစ်ပါတယ်။ ထရန့်ရဲ့ ဒုတိယသက်တမ်းအတွင်း တရုတ်ပေါ် အခွန်တိုးမြှင့်ရေးကို ထောက်ခံသူ ဖြစ်ပါတယ်။

သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့အထဲမှာ ထိပ်ပိုင်းနေရာတွေအတွက် အခြားရွေးချယ်ခန့်ထားသူလည်း ပါဝင်ပါတယ်။ Russell Thurlow Vought ကို စီမံခန့်ခွဲရေးနဲ့ ရသုံးမှန်းခြေ ဘတ်ဂျက်ရုံးအကြီးအကဲအဖြစ် လျာထားသလို၊ အလုပ်သမားရေးရာဝန်ကြီးအဖြစ်၊ အော်ရီဂွန်ပြည်နယ်က အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် Lori Chavez DeRember ကို အလုပ်သမားဝန်ကြီးအဖြစ် လျာထားကြောင်း ကြေငြာခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်း Alex Wong ကို ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် လျာထားလိုက်ပါတယ်။