သမ္မတ Trump ရဲ့ လူထုစည်းဝေးပွဲ

သမ္မတ Donald Trump က ဖလော်ရီဒါပြည်နယ်၊ Melbourne လေဆိပ်အပြင်မှာ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးမှု ပုံစံမျိုး လူထုစုဝေးပွဲကြီး ကျင်းပနေပါတယ်။

ဖလော်ရီပြည်နယ်က အတ္တလန်တိတ်သမုဒ္ဒယာ ကမ်းရိုးတန်းတလျှောက်ရှိတဲ့ Melbourne မြို့မှာ ဒေသစံတော်ချိန် စနေနေ့ ညနေ ၅ နာရီခွဲကျော်ကျော်မှာ စတင်တဲ့ အဲဒီ လူထုစုဝေးပွဲအတွင်း သမ္မတ Trump က - သူပေးထားတဲ့ ကတိတွေအတိုင်း အမေရိကန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အမေရိကန်အလုပ်သမားတွေ အလုပ်အကိုင် ပိုရရှိအောင် Made in America လို့ခေါ်တဲ့ အမေရိကန် ပြည်တွင်းဖြစ်တွေကို ဝယ်ယူ သုံးစွဲကြဖို့လိုကြောင်း၊ သမ္မတ Barack Obama အစိုးရလက်ထက် ချမှတ်ခဲ့တဲ့ လူတိုင်းတတ်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ပြင်ဆင်အစားထိုးမယ့် မူကြမ်းအသစ်ကို မကြာခင် တင်သွင်းသွားမှာ ဖြစ်ကြောင်း၊ အစွန်းရောက် အကြမ်းဖက် မွတ်ဆလင်တွေ တိုင်းပြည်အတွင်း ဝင်မလာနိုင်အောင် လုပ်တောင်တဲ့ တချိန်ထဲမှာပဲ မက္ကဆီကိုနယ်စပ်မှာ ခြံစည်းရိုးခတ်မယ့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း တက်ရောက်လာတဲ့ ထောက်ခံသူတွေကို ပြောပါတယ်။

သမ္မတဖြစ်လာပြီး တလအကြာမှာ အခုလို တမူထူးခြားစွာ လူထု စုဝေးပွဲ ကျင်းပရတာဟာ သူရဲ့ ပြောဆို၊ လုပ်ဆောင်ချက်တွေကို သတင်း မီဒီယာတွေက မျှတစွာ ဆက်ဆံခြင်းမရှိတဲ့အတွက် သူပြောလိုတဲ့ စကားကို လူထုထံ တိုက်ရိုက် ပြောကြားခြင်းဖြစ်ကြောင်း၊ အမေရိကန် ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ ပြောဆိုခြင်းဟာ အထိရောက်ဆုံးနည်း ဖြစ်တယ်လို့ သမ္မတ Trump အနေနဲ့ ယူဆတဲ့အတွက် ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Sarah Sanders က ရိုက်တာ သတင်းဌာနကို ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

သမ္မတ Trump ပရိတ်သတ်ကို စကားမပြောခင် သမ္မတကတော် Melania Trump က သမ္မတကို ခေါ်ယူ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

သမ္မတ Trump ရဲ့ လူထုစည်းဝေးပွဲ