ရီပတ်ဘလစ်ကန်ပါတီတွင်း အကြိုရွေးကောက်ပွဲတွေမှာ သမ္မတလောင်းနေရာ ဝင်အရွေးခံခဲ့တဲ့ Nikki Haley နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo တို့ကို လာမယ့်သူ့အစိုးရအဖွဲ့မှာပါဖို့ ကမ်းလှမ်းမှာ မဟုတ်ကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့က ပြောလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Nikki Haley နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo တို့ကို လာမယ့် ထရမ့်အစိုးရအဖွဲ့မှာ ပါဝင်ဖို့ ဖိတ်ခေါ်မှာ မဟုတ်ပါဘူး။ ကျနော်အနေနဲ့ အရင် သူတို့နဲ့ အလုပ်အတူလုပ်ခဲ့ရတာကို သဘောကျပြီး အသိအမှတ်ပြုသလို တိုင်းပြည်အတွက် သူတို့ လုပ်ခဲ့တာတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုတယ်လို့လည်း လူမှုကွန်ရက်ကနေ ကြေညာပါတယ်။
ဇန်နဝါရီ ၂၀ ရက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်မှာ အစိုးရအဖွဲ့မှာ ပါလာနိုင်ချေရှိတဲ့သူတွေနဲ့ တွေ့ဆုံနေပြီး တွေ့ဆုံသူတွေထဲမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးနေရာအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ထင်ရှားတဲ့ Scott Bessent နဲ့ တွေ့ခဲ့တယ်လို့ Reuters သတင်းက သောကြာနေ့က ပြောပါတယ်။
ပထမတကြိမ် ထရမ့်အစိုးရလက်ထက်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်ခဲ့တဲ့ Haley ဟာ ပြီးခဲ့တဲ့ ပါတီတွင်း အကြိုရွေးကောက်ပွဲတွေတုန်းက ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နောက်ပိုင်းကျမှ တရားဝင်ထောက်ခံခဲ့သူ ဖြစ်ပါတယ်။ Haley ကတော့ သူ့အနေနဲ့ သမ္မတထရမ့်နဲ့အတူ အလုပ်လုပ်ခဲ့ရတာကို ဂုဏ်ယူပြီး၊ လာမယ့် ၄ နှစ်မှာ သမ္မတထရမ့်နဲ့အစိုးရအဖွဲ့ အောင်မြင်မှုရဖို့ ဆုတောင်းတယ်လို့ ပြောပါတယ်။
ထရမ့်အစိုးရလက်ထက်မှာပဲ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) အကြီးအကဲတာဝန် ယူခဲ့ဖူးသူ Pompeo ကတော့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာနိုင်တယ်လို့ တချို့သတင်းမီဒီယာတွေက ဖော်ပြနေပေမဲ့၊ သူ့ဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။ သူဟာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြဖူးပေမဲ့ ၂၀၂၃ ဧပြီလမှာ သူ ဝင်ပြိုင်မှာမဟုတ်ကြောင်း တရားဝင်ကြေညာခဲ့တာပါ။