အမေရိကန်အစိုးရ အသုံးစရိတ် ဒေါ်လာ သန်းပေါင်း ၁.၃ သန်းခွင့်ပြုတဲ့ ဥပဒေမူကြမ်းကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က မကျေမနပ်နဲ့ပဲ လက်မှတ်ထိုး ပြဌာန်းပေးလိုက်ပါတယ်။ ဗီတိုအာဏာသုံးပြီး ပယ်ချမယ်လို့ ခြိမ်းခြောက်အပြီး နာရီအတော်အကြာ မှာ အခုလို လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်တာပါ။ အမေရိကန်ကို ကလေးဘဝကတည်းက ရောက်လာကြတဲ့ တရားဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို အကာအကွယ်ပေးရေးကိစ္စ ဥပဒေမူကြမ်းထဲ ပါမလာတာ ဒါမှမဟုတ် သူ အဆိုပြုထားတဲ့ နယ်စပ်တံတိုင်းဆောက်ဖို့ ရန်ပုံငွေအပြည့်အဝ ပါမလာတာတွေကြောင့် သမ္မတထရမ့်ပ်က မကျေနပ်တာပါ။
ဒီလောက်ကြီးမားတဲ့ နိုင်ငံတော်အသုံးစရိတ်ဆိုင်ရာ ဥပဒေမူကြမ်းမှာ သူဘဝင်မကျတာ အများအပြားပါပေမဲ့လည်း အမျိုးသား လုံခြုံရေးဆိုင်ရာ ရည်ရွယ်ချက်နဲ့ သူ လက်မှတ်ထိုးလိုက်တာလို့ သောကြာနေ့လည်ပိုင်းက အလျင်အမြန်စီစဉ်လိုက်တဲ့ အိမ်ဖြူတော် ရှင်းလင်းပွဲအတွင်း သမ္မတထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
နောက်ထပ် ဒီလို ဥပဒေမူကြမ်းမျိုးကို ကျနော် ဘယ်တော့မှ လက်မှတ်ထိုးတော့မှ မဟုတ်ပါဘူး၊ ကျနော် နောက်ထပ် လုပ်မှာ မဟုတ်ဘူး၊ ဘယ်သူမှ ဒါကိုမဖတ်ပါဘူး၊ နာရီပိုင်းသက်တမ်းပဲ ရှိပါသေးတယ်၊ တချို့ဆို သိတောင်မသိပါဘူး၊ ၁.၃ ထရီလီယံ ဒေါ်လာဆိုတာ ပြဌာန်းခဲ့ဖူးသမျှထဲ ဒုတိယအများဆုံး အသုံးစရိတ်ပါလို့ သမ္မတထရမ့်ပ်က ပြောပါတယ်။
အသုံးစရိတ်ဥပဒေကြမ်းကို သမ္မတထရမ့်ပ် လက်မှတ်ထိုး အတည်ပြုလိုက်တာကြောင့် သောကြာည သန်းခေါင်ကျော်တာနဲ့ ဖက်ဒရယ်အစိုးရလုပ်ငန်း တစိတ်တပိုင်း ရပ်တန့်သွားမယ့်အရေးကို ရှောင်ရှားလိုက်နိုင်ပါတယ်။
Your browser doesn’t support HTML5
အမေရိကန်အစိုးရအသုံးစရိတ်ဥပဒေ သမ္မတ Trump အတည်ပြု