သမ္မတ Trump နိုင်ငံတော်အခြေပြမိန့်ခွန်း အခမ်းအနား ဇိုမီးတိုင်းရင်းသားတဦး တက်ရောက်ခွင့်ရ

သမ္မတ Trump နိုင်ငံတော်အခြေပြမိန့်ခွန်း အခမ်းအနား ဇိုမီးချင်းတိုင်းရင်းသားတဦး တက်ရောက်ခွင့်ရ

ဒေသစံတော်ချိန် အင်္ဂါနေ့ည (၉)နာရီမှာ အမေရိကန် လွှတ်တော်မှာ ပြောကြားမယ့် အမေရိကန်သမ္မတ Donald Trump ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို တက်ရောက်နားထောင်ဖို့ ဖိတ်ကြားခံရတဲ့ ဧည့်သည်တော်တွေထဲ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ဇိုမီးတိုင်းရင်းသား Mungsan လည်း ပါဝင်ပါတယ်။

Mungsan ကတော့ သမ္မတ Trump အစိုးရအနေနဲ့ နိုင်ငံတကာ ဒုက္ခသည်တွေလက်ခံမယ့် အရေအတွက် ၉ သောင်းကနေ ၃ သောင်းအထိ လျော့ချခဲ့တဲ့အတွက် စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ မြန်မာဒုက္ခသည်တွေ ပိုပြီးလက်ခံရေး လွှတ်တော်အမတ်တွေကို တိုက်တွန်းမှာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

လက်ရှိ အောက်လွှတ်တော် ဒုတိယဥက္ကလည်းဖြစ် နယူးမက္ကဆီကိုပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ်လည်းဖြစ်တဲ့ Ben Ray Lujan က နယူးမက္ကဆီပြည်နယ် Albuquerque မြို့က ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ Lutheran Family Services Rocky Mountains မှာ တာဝန်ယူဆောင်ရွက်နေတဲ့ ဇိုမီးတိုင်းရင်းသား Awn Sian Mung ခေါ် Mungsan ကို သူရဲ့ဧည့်သည်တော်အဖြစ် ရွေးချယ်ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

အခုလို သမ္မတ Trump ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းတက်ရောက်နားထောင်ဖို့ ရွေးချယ် ဖိတ်ကြားခံရတာနဲ့ ပတ်သက်ပြီး Mungsan က အခုလို ဗွီအိုအေကိုပြောပါတယ်။

Mungsan။ ။ ကျနော်အခုလုပ်နေတဲ့အလုပ်က Resettlement agency မို့လို့ အဲဒါကြောင့်ဖိတ်တာထင်တယ်။ Immigrant တွေကို ကူညီတဲ့ Agency တွေကနေပြီးတော့ အဲဒီရုံးမှာ မြန်မာနိုင်ငံသားဆိုလို့ ကျနော်တယောက်တည်းရှိတယ်လေ။ ကျနော်က Case Management အပိုင်းမှာပေါ့နော် ကျနော်က lead case manager ပေါ့ ဆိုတော့ လူသစ်ရောက်လာတဲ့လူရဲ့ မရောက်ခင်ကတည်းကိုက နေ့စဉ်ပုံမှန်လှုပ်ရှားနေရမည့်အရာတွေ အစအဆုံးကူညီပေးတာပေါ့နော်။

မေး။ ။ အခုဒီ သမ္မတ မိန့်ခွန်းပြောကြားမယ့်ပွဲမှာ ဧည့်သည်တော်အဖြစ်တက်ရောက်ခွင့်ရတဲ့အပေါ်မှာ ဘယ်လိုထိရောက်မှုတွေ ရှိမယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ဒီည State Of The Union မှာတော့ ကျနော့်ကိုတော့ ပြောခွင့်ပေးမယ်မထင်ဘူး။ ဒါပေမယ့် ကျနော်တခြားအမတ်တွေနဲ့ ကိုယ်စားလှယ်တွေနဲ့ အများကြီး သူတို့ အစီအစဉ်ဆွဲထားပေးတယ် မနက်ဖြန်နဲ့ သဘက်ခါကို အပြည့်လုပ်ပေးထားတယ်။ ကျနော်ဒီပွဲမှာ ဖိတ်ကြားခံရတဲ့အတွက်ကို အလွန်ဝမ်းမြောက်မိတယ်။

မေး။ ။ သူတို့ အဲလိုဖိတ်ကြားတဲ့အခါမှာ Mung San ကို ဘယ်နေရာမှာ ထိုင်ရမယ် ၊ ကိုယ်တက်ရောက်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သူတို့ ဘယ်လိုများပြောပြထားသေးသလဲရှင့်

ဖြေ။ ။ ကျနော်လွှတ်တော်အမတ် အနီးအနားမှာ ထိုင်ရမယ်ထင်တာပဲ ကျနော်ခုံအမှတ်တော့ အတိအကျမသိသေးဘူး။ လက်မှတ်လည်းကျနော်အခုမရသေးဘူး။ National ရုံးကတော့ အကုန်လုံး စီစဉ်ပေးထားတယ်။

မေး။ ။ ဝါရှင်တန် ဒီစီမှာ ဒီပွဲ လာတက်ရင်းနဲ့ တခြားလွှတ်တော်အမတ်တွေနဲ့လည်းတွေ့မယ်။ အဲလိုတွေ့တဲ့အခါမှာ ကိုယ့်အနေနဲ့ ဘာတွေတင်ပြဖို့ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တင်ပြဖို့က ကျနော်တို့ မြန်မာနိုင်ငံ အခြေအနေပေါ့နော် မြန်မာနိုင်ငံ တခုတည်းသာမဟုတ်ပဲနဲ့ ဒီ Immigrant တွေ ဒုက္ခသည်တွေ Asylum တွေ ဘယ်လိုအခက်အခဲဒုက္ခတွေ ကြုံရသလဲ ၊ တချို့တွေက Immigrant တွေကို အမေရိကန်နိုင်ငံဝင်ဖို့အတွက် ၅ မိနစ် ၁ ရက်နဲ့ ပြီးတဲ့ application လို့ထင်ကြတယ်။ ဒါက အရှည်ကြီး အများကြီးကြိုးစားရတယ် အချိန်တွေ အကုန်လုံး energy တွေ ဘာမဆို ရင်းရတယ်ဆိုတာကို သူတို့ကို သတင်းပေးချင်ပါတယ်။

မေး။ ။ အခုလက်ရှိ သမ္မတ Trump အစိုးရရဲ့ ဒီ Immigrant တွေ အထူးသဖြင့် ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချသူတွေအပေါ်မှာထားတဲ့ မူဝါဒနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတင်ပြဖို့ရှိသလဲ။ နောက်ပြီးတော့ အဲဒီအပေါ်မှာ ဘယ်လိုမြင်သလဲရှင့်။

ဖြေ။ ။ ကျနော့်အမြင်ပြောရရင်တော့ သမ္မတမှ မဟုတ်ပါဘူး။ လူတိုင်းကပေါ့နော် အထူးသဖြင့် သမ္မတကိုယ်တိုင်က refugee သပ်သပ်မဟုတ်ပဲနဲ့ immigrants တွေကို အဲလောက်အထိ ချိုးချိုးနှိမ်နှိမ် ဆက်ဆံစရာမလိုဘူးလို့ ကျနော့်မြင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကောင်းဆုံး သာဓက ပြရရင်တော့ First Lady ကိုယ်တိုင်က immigrant ဖြစ်နေလို့ပဲ။

မေး။ ။ ဆိုလိုတာက သမ္မတ Trump လက်ထက်မှာ ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချသူတွေရဲ့ အခြေအနေဟာ ပိုပြီးတော့ ဆိုးရွားနေတဲ့ အခြေအနေ ရှိနေတာပေါ့နော်။

ဖြေ။ ။ ဆိုးရွားတယ်လို့ ပြောရမလား ဘယ်လိုပြောရမလဲ ။ ပုံမှန်အားဖြင့် ယာယီတင်ပြထားတာက ၉ သောင်းခွဲ ဒုက္ခသည်တွေပေါ့နော်၊ အဲလောက်ခေါ်ယူမယ်လို့ ပြောထားတာကို သူက ၃ သောင်းအထိ ချလိုက်တယ်ဆိုတော့ ဒီနံပတ်တွေကို လျော့လိုက်ခြင်းအားဖြင့် လူပေါင်းများစွာကို ကယ်ဖို့ကို ဆုတ်ယုတ်နေမလား နောက်ကျနေမလားပဲ။

မေး။ ။ အဲဒီတော့ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ်ရောက်လာတာ ဘယ်လောက်လောက်ကြာပြီလဲ။

ဖြေ။ ။ ကျနော်အခုရောက်တာ ၇ နှစ်ရှိပြီ ကျနော်မလေးရှားကနေ ရောက်လာတာ။"

မေး။ ။ Mung San ကိုယ်တိုင် ဒီ အမေရိကန်ကိုရောက်လာပြီး ၇ နှစ်အတွင်းမှာ ဒုက္ခသည်တွေအရေးမှာလည်း ကူညီဆောင်ရွက်နေတယ်ပေါ့နော်။ အဲဒီအတွေ့အကြုံရော ပြောပြပါဦး။

ဖြေ။ ။ ပထမဦးဆုံး ဒီအလုပ်ကို ဘယ်လိုရခဲ့သလဲဆိုတော့ အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံသားတွေက အလုပ်ကို ကြိုးစားတယ်။ စေတနာ အပြည့်နဲ့ အလုပ်လုပ်တယ်။ အဲဒါကို အထက်က လူကြီးတွေက မြင်ပြီးတော့ သူတို့ လူလိုနေတဲ့အချိန်မှာကို ကျနော့်ကို hire လုပ်တာပေါ့နော်။ အခုက ကျနော်ကို Promote လုပ်ပြီးတော့ case manager အထိကို ထားထားတယ်။ နောက်တဆင့်ကျတော့ ကျနော်ဒီလိုအလုပ်မျိုးလုပ်ခြင်းအားဖြင့် ကိုယ်တိုင်က အရင်က ဝန်ဆောင်မှုတွေကို လက်ခံသူဖြစ်ပြီးတော့ အခုကျနော်က ဝန်ဆောင်မှုတွေကို ပေးနေတဲ့သူဖြစ်နေတော့ ကျနော်ကိုယ့်ကို တော်တော်လေး ဂုဏ်ယူမိတယ်။

အမေရိကန်သမ္မတတွေရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို တက်ရောက်နားထောင်ဖို့ ဧည့်သည်တော်တွေအဖြစ် အရင်က ဖိတ်ကြားခံရတဲ့ မြန်မာတိုင်းရင်းသားတွေထဲ သမ္မတဟောင်း အိုဘားမားလက်ထက်က Hissho ဆူရှီးကုမ္ပဏီပိုင်ရှင်ဟောင်း မြန်မာနွယ်ဖွား ဦးဖိလစ်မောင် အပါအဝင် ရခိုင်တိုင်းရင်းသူ မနွယ်ဦး တို့ပါဝင်ခဲ့ပါတယ်။

အခုလို နှစ်စဉ် ပြောကြားနေတဲ့ သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို တက်ရောက်နားထောင်ဖို့အတွက် သမ္မတ အပါအဝင် လွှတ်တော်အမတ်အသီသီးက သက်ဆိုင်ရာ ဧည့်သည်တော်အသီးသီးကို ထူးထူးခြားခြား ရွေးချယ် ဖိတ်ကြားလေ့ရှိပါတယ်။ ဒီနှစ်အတွက် သမ္မတ Trump ဖိတ်ကြားတဲ့ ဧည့်သည်တော်တွေထဲ ၂၀၁၈ခုနှစ် အောက်တိုဘာလက Pennsylvania ပြည်နယ် Pittsburgh မြို့က Tree of Life ဂျူး ဘုရားကျောင်းမှာ သေနတ်သမားတဦးရဲ့ အကြမ်းဖက်ပစ်ခတ်ကြောင့် သေနတ်ဒဏ်ရာရခဲ့ပေမယ့် အသက်မသေခဲ့တဲ့ Timothy Matson ပါဝင်ပါတယ်။

အောက်လွှတ်တော် ဥက္ကဌ ဒီမိုကရက် လွှတ်တော်အမတ် နန်စီပလိုစီ ဖိတ်ကြားခဲ့တဲ့ ဧည့်သည်တော်တွေထဲ ဗားဂျီးနီးယားပြည်နယ်အမတ် လက်တင်အမေရိကန်နွယ်ဖွား Elizabeth Guzman၊ နောက် Dreamer အဖြစ်လူသိများတဲ့ အမေရိကန်ပြည်ထောင်စုကို ကလေးဘဝက တရားမဝင်အဖြစ် ခိုးသွင်းခံရသူ Melody Klingenfuss ပါဝင်ပါတယ်။

နောက် အမျိုးသမီးလည်းဖြစ် အသက်အငယ်ဆုံး လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဒီမိုကရက်အောက်လွှတ်တော်အမတ် Alexandria Ocasio-Cortez ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေထဲ အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် သမ္မတ Trump ခန့်အပ်ခဲ့တဲ့ Brett Kavanaugh ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံခဲ့ရကြောင်း လွှတ်တော်မှာ ထွက်ဆိုခဲ့သူ အမျိုးသမီး Christine Blasey Ford ပါဝင်ပါတယ်။

Your browser doesn’t support HTML5

သမ္မတ Trump နိုင်ငံတော်အခြေပြမိန့်ခွန်း အခမ်းအနား ဇိုမီးတိုင်းရင်းသားတဦး တက်ရောက်ခွင့်ရ