ဆော်ဒီသတင်းထောက် အသတ်ခံရကြောင်း အထောက်အထား Trump တောင်းခံ

သမ္မတအိမ်ဖြူတော်မှာ AP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းပြုလုပ်နေတဲ့ အမေရိကန်သမ္မတ Donald Trump (အောက်တိုဘာ ၁၆၊ ၂၀၁၈)

အမေရိကန်အခြေစိုက် ဆော်ဒီသတင်းထောက်တဦး ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး တူရကီတို့ ပြောနေသလို သူဟာ အစ္စတန်ဘူလ် မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ အသံနဲ့ ဗွီဒီယိုရှိတယ်ဆိုရင် သူလိုချင်တယ်လို့ အမေရိကန်သမ္မတ Donald Trump ကပြောကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ ရှေရှည်မဟာမိတ်နိုင်ငံ တနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျကို သူထောက်ခံကြောင်း ပြောကြားပြီးနောက် သမ္မတ Trump က အခုလိုတောင်းဆိုလာတာပါ။ Jamal Khashoggi ပျောက်ဆုံးမှု စုံစမ်းစစ်ဆေးနေတာတွေဟာ ဒီရက်သတင်းပတ်အကုန်မှာ ပြီးပြည့်စုံဖို့ မျှော်လင့်တယ်လို့လည်း Trump ကဆိုပါတယ်။ Khashoggi အသတ်ခံရတယ်ဆိုတဲ့ ကိစ္စကို ဆော်ဒီအာရေဗျ ကတော့ ငြင်းဆန်ထားပါတယ်။ တကယ်လို့သာ ဒီကိစ္စမှာ ဆော်ဒီဘုရင် Salman နဲ့ အိမ်ရှေ့မင်းသား Mohammed bin Salman တို့ တာဝန်ရှိတယ်လို့ သိရရင် ဘာဆက်လုပ်မလဲဆိုတဲ့ မေးတဲ့ မေးခွန်းကိုတော့ Trump ကတိတိကျကျ မဖြေပါဘူး။

ပြီးတော့ အီရန်နဲ့ အခြားနေရာတွေမှာဖြစ်နေတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စမှာ ဆော်ဒီအာရေဗျဟာ လိုအပ်တယ်၊ သူတို့ဟာ အမေရိကန်လက်နက်တွေကို ဒေါ်လာ ဘီလီယံ ၁၁၀ ဖိုးတောင် မှာယူထားတာဖြစ်တဲ့အတွက် သူတို့နဲ့လမ်းခွဲဖို့ မလိုလားဘူးလို့လည်း Trump ကဆိုပါတယ်။ ဒီလုပ်ငန်းကြောင့် အလုပ်အကိုင်း ၅ သိန်းကျော်ရရှိနေတယ်လို့လည်း ဆိုပါတယ်။

Your browser doesn’t support HTML5

ဆော်ဒီသတင်းထောက်အသတ်ခံရကြောင်းအထောက်အထား Trump တောင်းခံ