ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ သမ္မတဟောင်းထရမ့် ဆက်လက်ဦးဆောင်

USA-ELECTION/TRUMP

အမေရိကန်ပြည်ထောင်စု Idaho နဲ့ Missouri ပြည်နယ်တွေမှာ ကျင်းပခဲ့တဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ သမ္မတဟောင်း Donald Trump အနိုင်ရသွားပါတယ်။

စနေနေ့က ရွေးချယ်ပွဲမှာ အနိုင်ရလိုက်တာကြောင့် Michigan ပြည်နယ်မှာ ကျင်းပမယ့် ပါတီညီလာခံကျရင် မဲပေးခွင့်ရှိတဲ့ ကိုယ်စားလှယ်မဲ ၃၉ မဲစလုံးကို ရရှိခဲ့ပြီး ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့လည်း ပိုပြီးနီးစပ်လာနေတာပါ။

သမ္မတဟောင်းထရမ့်နဲ့ ပြိုင်ဘက်အဖြစ် တဦးတည်းသာ ကျန်တော့တဲ့ ကုလသမဂ္ဂသံအမတ်ကြီးဟောင်း Nikki Haley ကတော့ ပထမဆုံးအကြိမ် သမ္မတလောင်းဖြစ်ခွင့်ရဖို့ ဆက်လက်ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။ သမ္မတဟောင်း ထရမ့်ကတော့ အရေးကြီးတဲ့ ကိုယ်စားလှယ်မဲတွေ အပါအဝင် စုစုပေါင်း ၂၄၄ မဲ ရရှိထားပြီး၊ သံအမတ်ကြီးဟောင်း Haley ကတော့ ၂၄ မဲသာ ရရှိထားတာပါ။

ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ ကိုယ်စားလှယ်မဲ စုစုပေါင်း ၁၂၁၅ မဲ လိုအပ်ပါတယ်။ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲ မတိုင်ခင် အကြီးဆုံးဖြစ်တဲ့ လာမယ့်အင်္ဂါနေ့ Super Tuesday ရွေးချယ်ပွဲကိုတော့ ပြည်နယ် ၁၆ ခုမှာ ကျင်းပမှာ ဖြစ်ပါတယ်။