အင်ဒိုနီးရှား ဆူနာမီဘေး ကုလကူညီဖို့ ကမ်းလှမ်း

Kondisi pasca tsunami di Selat Sunda, 24 Desember 2018. (Foto courtesy: BNPB)

အင်ဒိုနီးရှားနိုင်ငံ Sunda ရေလက်ကြားတဖက်တချက်မှာ ဆူနာမီဒဏ်ကြောင့် သေဆုံးသူ တနင်္လာနေ့မှာ ၃၇၃ ယောက်ရှိတဲ့အချိန်မှာဘဲ ကယ်ဆယ် ကူညီရေးလုပ်ငန်းတွေအတွက် အင်ဒိုနီးရှားအစိုးရ လိုအပ်တဲ့ အကူအညီတွေကို ပေးသွားဖို့ အဆင်သင့်ရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဆူနာမီဒဏ်ကြောင့်၊ သေဆုံး၊ ဒဏ်ရာရသူတွေအတွက် အင်မတန် စိတ်မကောင်း ဖြစ်ရကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဆူနာမီကြောင့် ထိခိုက်ဒဏ်ရာရသူ ၁,၄၅၉ ယောက်ထက်မနည်း ရှိနေပြီး ၁၀၀ ကျော်လည်း ပျောက်ဆုံးနေပါတယ်။ ဆူနာမီဒဏ် ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ Banten ခရိုင် Carita ကမ်းခြေက အပန်းဖြေနေရာကို သမ္မတ Joko Widodo တနင်္လာနေ့က သွားရောက်ပြီး ဆုံးရှုံး ပျက်စီမှုတွေကို ကြည့်ရှု ခဲ့ပါတယ်။ သေဆုံးဒဏ်ရာရခဲ့သူတွေအတွက် အထူးစိတ်မကောင်းဖြစ်ရတယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။ ဆူနာမီကြိုတင် သတိပေးစနစ် အားလုံးကို ပြန်စစ်ပြီး ပျက်စီးနေတာရှိရင် ပြင်ဆင်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ သမ္မတက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စနေနေ့ ညတုန်းက အနားမှရှိတဲ့ မီးတောင်ကြီး ပေါက်ကွဲပြီးနောက် ကမ်းခြေဒေသတွေကို ဆူနာမီဒီလှိုင်းလုံးကြီးတွေ ရိုက်ခတ် ခဲ့တာဖြစ်ပါတယ်။ ဆူနာမီကြောင့် အိမ် ၈၆၁ လုံးအပါအဝင် အဆောက်အဦးပေါင်း ၁၀၀၀ ကျော် ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ဆူနာမီဒဏ်ခံခဲ့ရတဲ့နေရာက ဒေသခံတွေဟာ မီးတောင်က နောက်ထပ် ပေါက်ကွဲမှုဖြစ်ပြီး ဆူနာမီ ထပ်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် ကုန်းမြင့်ပိုင်းကို ရွေ့ပြောင်း နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

Anak Krakatoa မီးတောင်ပေါက်ကွဲပြီးနောက် ရေအောက်မှာ မြေပြိုမှုနဲ့ ဒီရေတက်တာပေါင်းပြီး ဆူနာမီဖြစ်ခဲ့တာလို့ မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒဌာက ပြောပါတယ်။ ဒါပေမဲ့ မီးတောင်ပေါက်နေတာ ဇွန်လထဲကဖြစ်ပြီး အခုထက်တောင် အင်အားပြင်းတာမို့ မီးတောင်ကြောင့် ဆူနာမီဖြစ်တာလို့ အတည်မပြုနိုင်သေးဘဲ ဘာကြောင့်ဖြစ်ရသလဲဆိုတာ စုံစမ်းနေဆဲလို့ အင်ဒိုနီးရှားဘူမိဗေဒဌာန အကြီးအကဲက VOA အင်ဒိုနီရှားဌာနကို ပြောကြားခဲ့ပါတယ်။

ကယ်ဆယ် ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေဆဲလို့ ဆိုပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှား ဆူနာမီဘေး ကုလကူညီဖို့ ကမ်းလှမ်း