Tunisia နိုင်ငံမှာ ၂၀၁၁ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း ဒီမိုကရေစီ ထူထောင်ရေး အတွက် ကူညီကြိုးပမ်းပေးခဲ့တဲ့ Tunisian National Dialogue Quartet အဖွဲ့ဟာ ဒီကနေ့မှာပဲ ၂၀၁၅ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူခဲ့ပါတယ်။
Tunisia အလုပ်သမားသမဂ္ဂတွေ၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေး အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ညွန့်ပေါင်း အဖွဲ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဆုလက်ခံယူခဲ့တာပါ။ တိုင်းပြည်မှာ အာဏာရှင် အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အများပါဝင်ခွင့်ရနိုင်မယ့် ဒီမိုကရေစီစနစ် ထူထောင်ရာမှာ ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တယ်လို့လည်း နော်ဝေနိုဘဲလ်ဆုရွေးချယ်ရေး ကော်မတီကပြောဆိုခဲ့ပါတယ်။
Tunisia မှာ အာရပ်နွေဦး လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် မတည်မငြိမ် အခြေအနေတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ယူဆခဲ့ကြပေမဲ့ Quartet ညွန့်ပေါင်းအဖွဲ့က အခြေအနေကို ကြားဝင် ထိန်းသိမ်းရာမှာ ကူညီနိုင်ခဲ့တယ် လို့လည်း အောက်တိုဘာလထဲ ဆုကြေညာစဉ် မှာ နိုဘယ်လ်ကော်မတီက ပြောဆိုထားတာပါ။
Quartet အဖွဲ့မှာတော့ Tunisia အထွေထွေ အလုပ်သမားသမဂ္ဂ၊ Tunisia စက်မှု၊ ကုန်သွယ်ရေးနဲ့ လက်မှုလုပ်ငန်း အသင်း၊ Tunisia လူ့အခွင့်အရေးအဖွဲ့ချုပ်နဲ့ Tunisia ရှေ့နေများအဖွဲ့တို့ ပါဝင်ပါတယ်။ နိုဘဲလ် ဆေးပညာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေနဲ့ စီးပွားရေး ဆုတွေကိုတော့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ဒီကနေ့ပဲ ချီးမြှင့်မှာ ဖြစ်ပါတယ်။