ဆော်ဒီသတင်းထောက်အသတ်ခံရမှု တူရကီက အမေရိကန်ကိုအသိပေး

အသတ်ခံရတဲ့ ဆော်ဒီသတင်းထောက် Khashoggi

တူရကီနိုင်ငံ အီစတန်ဘူမြို့က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီသတင်းထောက် Jamal Khashoggi သတ်ဖြတ်ခံခဲ့ရတဲ့ အသံနဲ့ ဗွီဒီယို မှတ်တမ်းတွေကို တူရကီနိုင်ငံက လက်ခံရရှိထားပြီး အမေရိကန် အရာရှိတွေကို အသိပေး အကြောင်းကြားထားကြောင်း Washington Post သတင်းစာက မနေ့နှောင်းပိုင်းမှာပဲ ဖော်ပြလိုက်ပါတယ်။

သတင်းထောက် Khashoggi ကို ကောင်စစ်ဝန်ရုံးထဲ ဝင်သွားတဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာပဲ ဖမ်းဆီးပြီး၊ ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်ခဲ့သလို၊ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက် ပစ်ခဲ့ကြောင်း မှတ်တမ်းတွေမှာ တွေ့ရှိခဲ့ရတယ်လို့လည်း အမေရိကန်နဲ့ တူရကီအစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းကဖော်ပြခဲ့တာပါ။ အထူးသဖြင့် အသံဖမ်းထားတဲ့ မှတ်တမ်းထဲမှာ သတင်းထောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေ တွေ့ရကြောင်းလည်း အမည်မဖော်လိုသူ အစိုးရအရာရှိတွေကို ကိုးကားပြီး သတင်းစာက ရေးသားထားပါတယ်။

တူရကီ အာဏာပိုင်တွေက ရရှိထားတဲ့ အချက်အလက်တွေကို ပေးအပ်ထားပေမဲ့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက မှတ်တမ်းတွေကို နားထောင် ကြည့်ရှုခဲ့သလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့လည်း ဆိုပါတယ်။ အမေရိကန်သမ္မတ Donald Trump ကတော့ ဆော်ဒီသတင်းထောက် ဘာဖြစ်သွားသလဲဆိုတာ သိနိုင်အောင် စုံစမ်းဖို့ အမေရိကန် စုံစမ်းစစ်ဆေးသူတွေ တူရကီနိုင်ငံမှာ ရောက်ရှိနေကြောင်း မနေ့အစောပိုင်းမှာပဲ ပြောဆိုထားပါတယ်။ ဆော်ဒီသံရုံးထဲက ပြန်ထွက်လာတာ မတွေ့ရသလို၊ အဲဒီမှာ ရှိပုံမရတော့တာ သေချာသလောက် ရှိတဲ့အကြောင်းလည်း Fox News ရုပ်မြင်သံကြား စကားဝိုင်းမှာ သမ္မတ Trump က ပြောဆိုခဲ့တာပါ။ တူရကီအာဏာပိုင်တွေကတော့ Washington Post သတင်းစာမှာ သဘောထားအမြင် ဆောင်းပါးတွေ ရေးသားနေသူ တဦးလည်းဖြစ် ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ကို ဝေဖန်သူတဦးလည်းဖြစ်တဲ့ သတင်းထောက် Khashoggi ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တူရကီနိုင်ငံကို လေကြောင်းကနေ ရောက်လာကြတဲ့ ဆော်ဒီထောက်လှမ်းရေး ၁၅ ယောက် ပါဝင်တဲ့ အဖွဲ့က ကောင်စစ်ဝန်ရုံးမှာပဲ သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။

Your browser doesn’t support HTML5

ဆော်ဒီသတင်းထောက်အသတ်ခံရမှု တူရကီက အမေရိကန်ကိုအသိပေး