တူရကီ စစ်အာဏာသိမ်းမှု နိုင်ငံတကာ ရှုံ့ချ

တူရကီ စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှုကို အစ္စတန်ဘူလ်မြို့ Taksim ရင်ပြင်တွင် ဆန့်ကျင် ဆန္ဒပြ နေသူများကို ဂျူလိုင်လ ၁၆ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - (AP Photo/Emrah Gurel)

ကမ္ဘာ တစ်ဝှမ်းက ခေါင်းဆောင်တွေဟာ တူရကီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့တာကို ပြစ်တင်ရှုံ့ချခဲ့ကြပြီး၊ ရွေးကောက်ခံ အစိုးရကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်ကို သိရှိပြီး၊ တူရကီနိုင်ငံမှာ ဖြစ်ပေါ် တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ ပုဂို္ဂလ် Farhan Haq က ပြောပါတယ်။

ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို ရှင်းရှင်းလင်းလင်း သိရအောင် ကြိုးပမ်းနေပြီး၊ တည်ငြိမ်မှုရှိကြဖို့လည်း တိုက်တွန်းလိုက် ပါတယ်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမား ဟာလည်း သောကြာနေ့ ညက နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ တယ်လီဖုန်း ကနေ တူရကီနိုင်ငံ မှာ ဖြစ်သွားတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

တူရကီနိုင်ငံက အစုအဖွဲ့အားလုံးဟာ ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ထောက်ခံသင့်တယ်လို့ သမ္မတနဲ့ ထိပ်ပိုင်း အမေရိကန် သံအမတ် အားလုံးက သဘောတူညီကြပြီး၊သွေးထွက်သံယိုဖြစ်မှုနဲ့ အကြမ်းဖက် တိုက်ခိုက်မှု အားလုံးကို တားဆီး ရှောင်ကြဉ် သင့်တယ် လို့လည်း မြင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာန အနေနဲ့ တူရကီ နိုင်ငံက အမေရိကန် နိုင်ငံသားတွေ ရဲ့ ဘေးကင်းလုံခြုံရေးကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဆိုပါတယ်။

ဂျာမနီ ခေါင်းဆောင် Angela Merkel ရဲ့ ပြောခွင့်ရ ပုဂိုလ် Steffen Seibert က ဒီမိုကရေစီ တည်မြဲမှုကို လေးစားသင့်တယ်။ လူသားတွေရဲ့ အသက်ကို ကာကွယ်ဖို့ လုပ်နိုင်သမျှ အားလုံးလုပ်သင့်တယ်လို့ လူမှု ကွန်ယက် တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး Boris Johnson က သူ့အနေနဲ့ တူရကီနိုင်ငံက အဖြစ်အပျက်တွေကို အလွန် စိုးရိမ် ပူပန်နေတယ်လို့ ပြောပြီး၊ ဗြိတိန် သံရုံးအနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ Johnson က တွစ်တာ မှာ ရေးသားခဲ့ပါတယ်။

Your browser doesn’t support HTML5

တူရကီ စစ်အာဏာသိမ်းမှု နိုင်ငံတကာ ရှုံ့ချ