တူရကီ မိုင်းပေါက်ကွဲမှု သေဆုံးသူ ၂၇၆ ဦးရှိပြီ

တူရကီနိုင်ငံမှာ လျှပ်စစ်ပေါက်ကွဲမှုကတဆင့် ကျောက်မီးသွေးမိုင်းတွင်း မီးလောင်မှုဖြစ်ပွားရာက အနဲဆုံး မိုင်းလုပ်သား ၂၇၄ ယောက် သေဆုံးခဲ့ရတဲ့ တူရကီသမိုင်းမှာ အဆိုးဆုံး မိုင်းပေါက်ကွဲမှုက အသက်ရှင် ကျန်ရစ်သူတွေကို ကယ်တင်နိုင်ဖို့ အရေးပေါ်ဝန်ထမ်းတွေ ကြိုးပမ်းနေကြပါတယ်။

တူရကီနိုင်ငံမြို့တော် Istanbul ရဲ့တောင်ပိုင်း Soma မြို့က မိုင်းတွင်းထဲမှာ ပိတ်မိနေတဲ့ မိုင်းလုပ်သား ၄၅၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၁၂၀ လောက် အထဲမှာ ပိတ်မိနေတုန်းဖြစ်တယ်လို့ အစိုးရနဲ့ မိုင်းကုမ္ပဏီ အရာရှိတွေက ပြောပါတယ်။

ထူထပ်တဲ့ မိုးခိုးငွေ့တွေနဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေက ကယ်ဆယ်ရေး ဝန်ထမ်းတွေအတွက် အဟန့်အတား ဖြစ်နေပါတယ်။ အထဲမှာ ပိတ်မိနေတဲ့ မိုင်းလုပ်သားတွေအနေနဲ့ Safe Room လို့ခေါ်တဲ့ လုံခြုံမှုရှိတဲ့အခန်းထဲမှာ ခိုလှုံနေကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

မျက်နှာတွေမှာ မီးခိုးမိုင်းတွေ ဖုံးအုပ်ပြီး မဲချုပ်နေပေမဲ့ ဒဏ်ရာ ဒဏ်ချက်မပါဘဲ မိုင်းတွင်းထဲက ထွက်လာတဲ့သူတချို့ကို အပြင်မှာ စိုးရိမ်တကြီးစောင့်နေကြတဲ့ လူအုပ်ကြီးက ဝိုင်းဝန်း သြဘာပေးခဲ့ကြပါတယ်။ ဗုဒ္ဓဟူးနေ့က ကယ်ဆယ်ရေးတွေ လုပ်နေစဉ် တဖြည်းဖြည်း နေဝင်သွားပြီး နောက်ပိုင်းမှာ အသက်မရှိတော့တဲ့သူတွေကို တင်ထုတ်လာတဲ့အခါမှာတော့ အဲဒီ သြဘာသံတွေက ဝမ်းနည်းကြေကွဲသံနဲ့ မျက်ရည်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan အနေနဲ့ အခင်းဖြစ်ပွားတဲ့ နေရာကို သွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အရင် မိုင်းတွင်း ပြိုကျမှုတွေ ရှိခဲ့တဲ့ သာဓကတွေကို ပြောကြားပြီး လုပ်ငန်းခွင်မှာ အခုလို မတော်တဆ ဖြစ်တာဟာလည်း သာမှန် ဖြစ်ရိုးဖြစ်စဉ်တခု ဖြစ်တဲ့ အကြောင်း ပြောကြားလိုက်တဲ့အတွက် အနားမှာရှိနေတဲ့ လူအုပ်ကြီးက ဝန်ကြီးချုပ်အပေါ် ဒေါသထွက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဝန်ကြီးချုပ်အနေနဲ့ အနီးနားမှာရှိတဲ့ စတိုးဆိုင်ထဲကို အမြန် ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။