ဖိလစ်ပိုင်မှာ အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး ၂ ဦးသေ

A motorcycle passes by a grocery store damaged by an earthquake in Bayugan City, southern Philippines, Dec. 3, 2023.

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်း ငလျင်လှုပ်ခဲ့ရာက အနည်းဆုံး ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အင်အား ၇.၆ ရှိတဲ့ ငလျင်ကြောင့် ဆူနာမီရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်ရုပ်သိမ်းခဲ့တာပါ။

စနေနေ့နှောင်းပိုင်းမှာ ပြင်းအား ၇.၆ ရှိတဲ့ ငလျင်ဟာ Mindanao ကျွန်း ကမ်းလွန် မိုင် ၂၀ လောက် အနက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး၊ ဒီကနေ့ တနင်္ဂနွေနေ့အထိ ပြင်းအား ၆ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ၄ ခု လှုပ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက ပြောပါတယ်။ ငလျင်ကြောင့် ပစိဖိတ်ဒေသတလျှောက် အစောပိုင်းမှာ ဆူနာမီ အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြပြီး၊ Mindanao အရှေ့ဖက် ကမ်းရိုးတန်းက ဒေသခံတွေလည်း ဘေးလွတ်ရာနေရာတွေနဲ့ အမြင့်အရပ်တွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ကြရတာပါ။

Bislig မြို့မှာ အိမ်ထဲက နံရံပြိုကျရာက ပိမိပြီး အသက် ၃၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့သလို၊ Tagum မြို့မှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း ပြောပေမဲ့ တာဝန်ရှိသူတွေက အသေးစိတ်ကိုတော့ မပြောပါဘူး။ ငလျင်ကြောင့် အဆောက်အဦးတွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတော့ မတွေ့ရဘူးလို့လည်း ဖိလစ်ပိုင်နိုင်ငံ ကပ်ဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။