မြန်မာလူ့အခွင့်အရေးကော်မရှင်ကို အရေးယူဖို့ လွှတ်တော်ဆွေးနွေး

ပြည်သူ့လွှတ်တော်

ကိုယ်အင်္ဂါချို့ယွင်းတဲ့အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူမိန်းကလေးငယ်၂ဦးအမှုကို လျော်ကြေးပေးပြီး ညှိနှိုင်းဖြေရှင်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အချို့ကို ထိထိရောက်ရောက်အရေးယူဖို့အဆိုတရပ်ကို ပြည်သူ့လွှတ်တော်မှာတင်သွင်းခဲ့ရာမှာ ဒီအဆိုနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ ရှိနေပြီး ရှေ့နေအဖွဲ့အစည်းတရပ်ကတော့ လူ့အခွင့်အရေးကေ်ာမရှင်ကို ထိန်ချန်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုက အိမ်အကူမိန်းကလေးငယ်၂ယောက်ကို ကိုယ်အင်္ဂါချို့ယွင်းတဲ့အထိ ညှင်းပန်းနှိပ်စက်ခံခဲ့တဲ့အပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကျပ်သိန်း၅၀ လျော်ကြေးပေး ကျေအေးစေခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီအဆိုကို ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင်ခေါ် ဦးပြုံးချိုက တင်သွင်းခဲ့တာဖြစ်ပါတယ်။

“အရေးကြီးအဆိုရဲ့အကြောင်းအရာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုမြင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာအရေးယူပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအရေးကြီးအဆိုဖြစ်ပါတယ်ခင်ဗျ။”

အိမ်အကူ မိန်းကလေးငယ်တွေအပေါ်ကျူးလွန်တဲ့အမှုဟာ ရာဇဝတ်မှုဖြစ်ပြီး ကလေးသူငယ်ဥပဒေ၊ အလုပ်သမားဥပဒေတွေကိုပါချိုးဖောက်နေတာကြောင့် ကျေအေးလို့ မရနိုင်တဲ့အမှုဖြစ်ကြောင်း၊ ဒီလို ကျေအေးစေတာဟာ တည်ဆဲဥပဒေကို ချိုးဖောက်မှု၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်လွန် ဆောင်ရွက်ခဲ့တယ်လို့လည်း တင်ပြခဲ့ပါတယ်။

ဒီအဆိုကို ဧရာဝတီတိုင်းအိမ်မဲမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ထောက်ခံဆွေးနွေးပြီး အဆိုကို ဆက်လက်ဆွေးနွေးဖို့ သင့်မသင့် သဘောထားရယူရာမှာတော့ ကန့်ကွက်သူမရှိတဲ့အတွက် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်းကတော့ ဒီလို လျော်ကြေးပေးညှိနှိုင်းရာမှာ အဂတိလိုက်စားတာလို ဥပဒေချိုးဖောက်မှု မရှိဘူးဆိုရင် အရေးယူဖို့ အခက်အခဲ ရှိနိုင်ကြောင်းထောက်ပြပြီး၊ လူ့အခွင့်အရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းတာမျိုးက ပိုပြီးအကျိုးရှိနိုင်တယ်လို့ အခုလို အကြံပြုပါတယ်။

“လူတွေရဲ့လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်စွမ်းနဲ့ အရည်အချင်းကို ပြန်လည်ပြီးတော့ ကြည့်ဖို့လိုအပ်ပါတယ်။ အဲဒီတော့ ဒီအထဲထဲမှာ အရင်တုန်းက သမ္မတကနေ တိုက်ရိုက်ခန့်အပ်ထားပြီးတော့ ဆွဲခန့်တာတွေလည်းအများကြီးပါတာရှိပါတယ်။ အဲဒီတော့ အဲဒီလိုလူမျိုးတွေအစား လူ့အခွင့်အရေးကိုလေးစားတဲ့ ၊ လူ့အခွင့်အရေးကော်မရှင်တွေ ပေါ်ပေါက်လာဖို့ဖို့အတွက် တောင်းဆိုခြင်းက ပိုမိုမှန်ကန်လိမ့်မယ်။ ခုနပြောထားသလိုပါပဲ လုပ်ပိုင်ခွင့်ရှိပြီးတော့ အင်အားရှိသော ဆုံးဖြတ်ချက်တွေလုပ်ပိုင်ခွင့်တွေပါဝင်တဲ့ဥပဒေတွေ ပြန်လည်ပြီးတော့ ပြောင်းနိုင်တယ်။ ပြင်နိုင်တယ် ဆိုရင် ပိုမိုခိုင်လုံတဲ့ လူ့အခွင့်အရေးကော်မရှင်တွေ လူတိုင်းလေးစားသော လူ့အခွင့်အရေးကော်မရှင် ၊ တကယ်တက်ကြွသော လူ့အခွင့်အရေး ကော်မရှင်၊ အများနဲ့ပါဝင်သော လူ့အခွင့်အရေးကော်မရှင် ဒါကိုဦးတည်သွားနိုင်မယ်လို့ စဉ်းစားမိပါတယ်။”

မြန်မာနိုင်ငံ ဥပဒေသန့်ရှင်းစေရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ HYGIENIC LEGAL CLINIC အဖွဲ့က လူ့အခွင့်အရေးကော်မရှင်ကို တရားစွဲဖို့ ပြင်ဆင်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ကျနော်တို့ သတင်းအချက်အလက်တွေ စုနေပါတယ်။ စု ပြီးတော့ နိုင်ငံတော်သမ္မတကြီးဆီကို တရားစွဲဆိုခွင့်ပြုမိန့်တောင်းပါမယ်။ ပြီးတော့ ရရှိတာနဲ့ တပြိုင်တည်း ကျနော်တို့က မူခင်းတိုင်ကြားမှု၊ ဘယ်မှုခင်းတွေလည်းပြောရင် လူကုန်ကူးမှု ၊ ကလေးသူငယ် ဥပဒေတွေ ၊ အပြင်းအထန်နာကျင်စေမှုတွေ ၊ အပြင်းအထန် ထက်မြတ်တဲ့ ဓါးနဲ့ နာကျင်စေမှုတွေ အဲဒီဟာတွေအတွက် ထိန်ချန်ထားတယ်၊ နောက် ကူးလွန်သူကို သက်သာအောင်အမှုမဖွင့်လုပ်တယ်ဆိုတဲ့ ကိစ္စဟာ ကြီးမားတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တဲ့အတွက် ကျနော်တို့ဒါကို တရားစွဲဆိုဆောင်ရွက်မှာဖြစ်ပါတယ်။”

လောလောဆည်မှာတော့ ဒီအမှုနဲ့ပတ်သက်ပြီး အင်းဝအပ်ချုပ်ဆိုင်ရှင် မိသားစုဝင် ၄ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားသလို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပါ ကျူးလွန်သူတွေကို ထပ်မံအမှုဖွင့်ထားပါတယ်။ တဆက်တည်းမှာပဲ နိုင်ငံတော်သမတရုံးက ဒီအမှုနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ကျောက်တံတားရဲစခန်းနဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေကို လေ့လာနေပြီး တိုးတက်မှုကို အလေးထားစောင့်ကြည့်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာလူ့အခွင့်အရေးကော်မရှင်ကို အရေးယူဖို့ လွှတ်တော်ဆွေးနွေး