ပင်လယ်နီမှာ အမေရိကန်တိုက်လေယာဉ် မှားယွင်းပစ်ခတ်ခံရ

FA-18 Super Hornet တိုက်လေယာဉ် (Kim Hong-Ji/Pool Photo via AP)

FA-18 Super Hornet တိုက်လေယာဉ် (Kim Hong-Ji/Pool Photo via AP)

ပင်လယ်နီဒေသမှာ အမေရိကန်ရေတပ် တိုက်လေယာဉ်တစင်း မှားယွင်းပစ်ချခံခဲ့ရပြီး လေယာဉ်မှူး ၂ ယောက်ကတော့ လွတ်မြောက်ခဲ့ကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

ယီမင်နိုင်ငံက ဟူသီသူပုန်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေ တနှစ်ကျော်ကာလအတွင်း အမေရိကန်တပ်ဖွဲ့တွေအတွက် အဆိုးဆုံး အန္တရာယ်ကြုံခဲ့ရတဲ့ မတော်တဆမှုလည်း ဖြစ်ခဲ့တာပါ။ USS Harry S. Truman လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ အမေရိကန် ရေတပ်အုပ်စုက ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးတွေ တပ်ဆင်ထားတဲ့ USS Gettysburg စစ်သင်္ဘောက ၂ ယောက်စီး F/A-18 Super Hornet အမျိုးအစား တိုက်လေယာဉ်ကို မှားယွင်းပစ်ခတ်မိတာလို့လည်း အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသကွပ်ကဲရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပစ်ချခံခဲ့ရတဲ့ တိုက်လေယာဉ်ကတော့ လေယာဉ်တင်သင်္ဘောပေါ် အရေးပေါ် ပြန်ဆင်းသက်ခဲ့ပြီး လေယာဉ်မှူးတဦးကတော့ အနည်းအကျဉ်းဒဏ်ရာ ရခဲ့တာပါ။ ဟူသီသူပုန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ရင်း အမေရိကန် တိုက်လေယာဉ်အချင်းချင်း မတော်တဆပစ်ခတ်မိကြောင်း အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသကွပ်ကဲရေးဌာနက ပြောပေမဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မပြောပါဘူး။

ဒေသတွင်း ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို အီရန်နိုင်ငံက အားပေးထောက်ခံထားတဲ့ ဟူသီသူပုန်တွေက တိုက်ခိုက်မယ့်ရန်ကို အမေရိကန်နဲ့ ဥရောပညွန့်ပေါင်းတပ်ဖွဲ့တွေက ကာကွယ်ပေးနေပေမဲ့ အန္တရာယ်တွေရှိနေဆဲ ဖြစ်ပါတယ်။