အမေရိကန်သမ္မတကိုယ်စားလှယ်လောင်း ၂ ဦး ဒီည စကားစစ်ထိုးကြမည်

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲအတွင်းတွေ့ရတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဝဲ) နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (ယာ)

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီက သမ္မတဂျိုးဘိုင်ဒန် (Joe Biden)နဲ့ ရီပတ်ဘလစ်ကန်ပါတီဘက်က သမ္မတဟောင်းဒေါ်နယ်ထရမ့် (Donald Trump) တို့ ဒီနေ့ညမှာ ပထမဆုံးအကြိမ် စကားစစ်ထိုးကြမှာဖြစ်ပါတယ်။ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့မှာ ပြုလုပ်မယ့် စကားစစ်ထိုးပွဲကို CNN သတင်းဌာနက စီစဉ်တာဖြစ်ပြီး CNN ဝါရင့်သတင်းထောက်တွေဖြစ်ကြတဲ့ Jake Tapper နဲ့တို့က Dana Bash တို့က Moderator တွေအဖြစ် မေးခွန်းတွေ ဦးဆောင်မေး၊ ကြားဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ ၄ နှစ်တကြိမ် ကျင်းပလေ့ရှိတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ရာသီမှာ အစောဆုံးကျင်းပတဲ့ စကားစစ်ထိုးပွဲဖြစ်ပြီး နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်ခင် မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်ဖို့ သူတို့ ၂ ယောက်လုံးအတွက် အရေးကြီးတဲ့ စကားစစ်ထိုးပွဲလည်းဖြစ်ပါတယ်။

သမ္မတဘိုင်ဒန်ဘက်က သန္ဓေသားဖျက်ချခွင့်၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အခြေအနေနဲ့ စီးပွားရေးအခြေအနေတွေကို အဓိကထား ဆွေးနွေချင်တဲ့အကြောင်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးမှူးတွေပြောတာကို အမေရိကန် သတင်းတွေမှာ ကိုးကားဖေါ်ပြပါတယ်။ သမ္မတဟောင်းထရမ့်ဘက်ကတော့ ငွေကြေးဖေါင်းပွမှု၊ အများပြည်သူ့ လုံခြုံရေး၊ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို ဆွေးနွေးငြင်းခုံတဲ့အကြောင်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးမှူးတွေကပြောဆိုထားပါတယ်။

ရွေးကောက်ပွဲဝင်ဖို့ ရီပတ်ဘလစ်ကန်ပါတီက သမ္မတဟောင်းထရမ့် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် အခုအချိန်အထိ တရားဝင် မကြေညာသေးသလို ဒီမိုကရက်တစ်ပါတီကလည်း သမ္မတဂျိုးဘိုင်ဒန်ကို ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် မကြေညာသေးပါဘူး။ ဒါပေမဲ့ သူတို့ ၂ ယောက်ပဲ သမ္မတလောင်းတွေအဖြစ် ဝင်ပြိုင်ကြမယ့်လို့ မှတ်ယူထားကြပါတယ်။ နိုင်ငံတကာသတင်းမီဒီယာတွေလည်း စကားစစ်ထိုးပွဲအကြောင်း အတ္တလန်တာမြို့မှာ ရောက်ရှိနေကြပါပြီ။

၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ဘိုင်ဒန်နဲ့ ထရမ့်တို့ စကားစစ်ထိုးခဲ့ကြဖူးပါတယ်။ အဲဒီတုန်းက အပြန်အလှန် အော်ဟစ်ငြင်းခုံခဲ့ကြတာကြောင့် အခုတခေါက်ဆွေးနွေးပွဲကျရင်မှာ စိတ်ရှည်ရှည်နဲ့ အပြန်အလှန် ကောင်းကောင်းမွန်မွန် ပြောကြ ဆွေးနွေးကြမလားဆိုတာ လေ့လာသူတွေ စောင့်ကြည့်နေကြပါတယ်။

မနက်ဖြန် (ဇွန် ၂၈ ရက်) မြန်မာစံတော်ချိန် မနက် ၇နာရီခွဲမှာစတင်မယ့် သမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲကို ဗွီအိုအေမြန်မာပိုင်းဌာနရဲ့ အင်တာနက်စာမျက်နှာ အချိန်နဲ့တပြေးညီ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်သမ္မတကိုယ်စားလှယ်လောင်း ၂ ဦး ဒီည စကားစစ်ထိုးကြမည်