Yagi မုန်တိုင်းကြောင့် ဗီယက်နမ်မှာ အနည်းဆုံး လူ ၁၄ ဦး သေဆုံး

စက်တင်ဘာလ ၈ ရက်နေ့က ဗိယက်နမ် Quang Ninh ဒေသမှာ တိုက်ခိုက်ဖျက်ဆီးသွားတဲ့ Yagi မုန်တိုင်း

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ ယာဂီတိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး၊ ၁၇၆ ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ မုန်တိုင်းက အားပျော့သွားပြီဆိုပေမယ့်လည်း မိုးအကြီးအကျယ် ရွာသွန်းနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ယာဂီမုန်တိုင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဒေသတွင်းကို ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ အင်အားအပြင်းဆုံး မုန်တိုင်းတွေထဲက တခုဖြစ်ပြီး မုန်တိုင်းကြောင့် ဗီယက်နမ်မြောက်ပိုင်းမှာ လူ ၃ သန်းကျော် လျှပ်စစ်မီး ပြတ်တောက်နေပြီး၊ အရေးပါတဲ့ စိုက်ပျိုးမြေတွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဗီယက်နမ် အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းကြောင့် လေဆိပ် ၄ ခု ပိတ်လိုက်ရပြီး၊ လေယာဉ်ခရီးစဉ်တွေ ရာနဲ့ချီ ဖျက်လိုက်ရပါတယ်။ မုန်တိုင်းဟာ ဗီယက်နမ်မြောက်ပိုင်းက Quang Ninh နဲ့ Haiphong ပြည်နယ်တွေကို မနေ့ စနေနေ့ နေ့လယ်ပိုင်းက တနာရီကို လေတိုက်နှုန်း ၁၄၉ ကီလိုမီတာနဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ယာဂီတိုင်ဖုန်းမုန်တိုင်းဟာ ဒီနေ့မနက်ပိုင်း အပူပိုင်းမုန်တိုင်းအဖြစ်နဲ့ အားပျော့မသွားခင်မှာ ၁၅ နာရီလောက်ကြာအောင် အင်အားပြင်းပြင်းနဲ့ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် မိုးအဆက်မပြတ် ရွာသွန်းပြီး နောက်ဆက်တွဲ ရေကြီးတာတွေနဲ့ မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသဌာန တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မုန်တိုင်းကြောင့် ဟနွိုင်းမြို့မှာ အဆောက်အအုံ၊ ဓါတ်တိုင်နဲ့ သစ်ပင်တွေ ထိခိုက်ပျက်စီးတာတွေ လဲပြိုတာတွေ ရှိခဲ့ပြီး၊ အဲဒီ အပျက်အစီးတွေကိုတော့ အာဏာပိုင်တွေဘက်က ရှင်းလင်းဖယ်ရှားနေပါတယ်။