[[ Zawgyi ]]
ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ဗိုလ်လုပွဲကို စနေနေ့ညက အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း Las Vegas မြို့ T-Mobile အားကစားရုံမှာ ကျင်းပခဲ့ပြီး ဗြိတိန်နိုင်ငံသား Tyson Fury က သူ့ရဲ့ အကြိတ်အနယ် ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန်နိုင်ငံသား Deontay Wilder ကို ၁၁ ချီမြောက်မှာ အလဲထိုး အနိုင်ရကာ ကမ္ဘာ့လက်ဝှေ့ကောင်စီရဲ့ ဟဲဗီးဝိတ်ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။
၁၀ ချီမြောက်ထိကတော့ သူလဲကိုယ်လဲ ထိုးခဲ့တာတွေရှိပြီး ၁၁ ချီမြောက်မှာတော့ 'Gypsy King' လို့ခေါ်တဲ့ Fury က 'Bronze Bomber' လို့ တင်စား အခေါ်ခံရတဲ့ Wilder ကို အလဲထိုးပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရလိုက်တာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် Tyson Fury က Deontay Wilder ကို အခုလို အလဲထိုး အနိုင်ရလိုက်တဲ့အတွက် သူ့ရဲ့ ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်လိုက်တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း လက်ဝှေ့ကျော် Wladimir Klitschko ကို Fury အနိုင်ရခဲ့ပြီးနောက်ပိုင်း သူ့ကို အနိုင်ရသူ မရှိသေးပါဘူး။
စနေနေ့ကပွဲကတော့ Wilder နဲ့ Fury တို့ တတိယအကြိမ် ပြန်တွေ့တဲ့ပွဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦး ၂၀၁၈ ဒီဇင်ဘာမှာ ပထမအကြိမ် ထိုးခဲ့ကြပြီး သရေကျခဲ့ပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီလထဲ ထိုးတဲ့ပွဲမှာတော့ ၇ ချီထိ ထိုးခဲ့တဲ့အထဲ ၃ ကြိမ်လဲအောင် ထိုးနိုင်ခဲ့ပြီး Fury က Wilder ဆီက ကမ္ဘာ့လက်ဝှေ့ကောင်စီရဲ့ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
Your browser doesn’t support HTML5
ကမ္ဘာ့လက်ဝှေ့ ဟဲဗီးဝိတ်သရဖူ ချန်ပီယံဟောင်း Tyson Fury ဆက်ထိန်း
---------------------
{{ Unicode }}