ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့ပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ် စိစစ်ရေးကော်မတီမှာ မြန်မာနိုင်ငံဘက်က ကိုယ်စားပြုဖို့ ကိုယ်စားလှယ် ၂ ယောက် လျှောက်ထားတဲ့အတွက် ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ စဉ်းစားဆုံးဖြတ်နိုင်ရေး ရွှေ့ဆိုင်းထားဖို့ ကော်မတီဥက္ကဋ္ဌက ဆုံးဖြတ်ချက်မူကြမ်းချခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်မူကြမ်းကို ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့တဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ၄၈ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးမှာ မဲမခွဲဘဲ အများသဘောနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကြားကာလ အမျိုးသားညီညွတ်ရေး NUG အစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တရားမဝင်ဘူးလို့ပြောပြီး စစ်ကောင်စီ ကိုယ်စားပြုသူကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်နိုင်ရေး ကြိုးစားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် စိစစ်ရေးကော်မတီက နိုင်ငံတွေက အဆိုပြုတဲ့ ကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးတွေကို တနှစ်တခါ စိစစ်အတည်ပြုပေးပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုဖို့ အဆိုပြုသူ ၂ ယောက် ဖြစ်နေတာမို့ ရွေးချယ်ဖို့ မဆုံးချက်ကို ရွှေ့ဆိုင်းပြီး အရင်ထဲက တာဝန်ယူနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်တာဝန်ယူစေတာ ဖြစ်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ သူဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ အရင်နှစ်တွေနည်းတူ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပုံမှန်ကျင်းပနေတဲ့ မျက်နှာစုံညီနဲ့ ပင်မကော်မတီ အစည်းအဝေးတွေ၊ ကုလသမဂ္ဂ ပင်မအင်္ဂါရပ် အဖွဲ့အစည်းတွေရဲ့ အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးတွေကို ဆက်လက်ပါဝင် တက်ရောက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။