ဆီးရီးယားနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှု ၂ ခုအတွင်း အစ္စလာမ်အစွန်းရောက် IS နဲ့ al-Qaeda အဖွဲ့တွေနဲ့ ဆက်နွယ်တဲ့ စစ်သွေးကြွ ၃၇ ယောက် သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က ဒီကနေ့ပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။ သေဆုံးသူတွေထဲက ၂ ယောက်ဟာ အကြီးတန်း စစ်သွေးကြွ အဖွဲ့ဝင်တွေလို့လည်း ပြောပါတယ်။
al-Qaida အဖွဲ့နဲ့ ဆက်နွယ်တဲ့ Hurras al-Deen အဖွဲ့က စစ်ဆင်ရေးတွေကို ကြီးကြပ်နေတဲ့ အဆင့်မြင့် ခေါင်းဆောင်တယောက်နဲ့ တခြားအဖွဲ့ဝင် ၈ ယောက်တို့ကို အဓိက ပစ်မှတ်ထားပြီး ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်ဒေသမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း အမေရိကန်စစ်တပ်ရဲ့ အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာနက ပြောခဲ့တာပါ။
ဆီးရီးယားနိုင်ငံ အလယ်ပိုင်းက နေရာအတိအကျ မပြောဘဲ လူသူအလှမ်းဝေးတဲ့ နယ်မြေအဖြစ် ဖော်ပြထားတဲ့ နေရာမှာ IS စစ်သွေးကြွတွေရဲ့ လေ့ကျင့်ရေးစခန်းတခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆီးရီးယား စစ်သွေးကြွခေါင်းဆောင် ၄ ယောက် အပါအဝင် ၂၈ ယောက် သေဆုံးတယ်လို့လည်း ပြောဆိုထားတာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားတွေကို IS စစ်သွေးကြွတွေ ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်းကို လျှော့ချနိုင်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ၂၀၁၄ ခုနှစ်က နယ်မြေအများအပြားကို ထိန်းချုပ် လှုပ်ရှားခဲ့တဲ့ IS အစွန်းရောက်တွေ ပြန်လည်ဦးမော့မလာစေဖို့ အမေရိကန်က ဆီးရီးယားမှာ တပ်ဖွဲ့ဝင် ၉၀၀ လောက်နဲ့အတူ အရေအတွက် အတိအကျ မသိရတဲ့ ကန်ထရိုက်ဝန်ထမ်းတွေကို တာဝန်ပေးထားပါတယ်။