လုံခြုံရေး Video ပုံတွေဖျက်ဖို့ကြိုးစားမှုနဲ့ Trump အပေါ်အမှုထပ်တိုး

အမေရိကန်ပြည်ထောင်စု သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကို နယူးယောက်မြို့ Trump Tower အဆောက်အဦးရှေ့တွင် တွေ့ရစဉ် (ဧပြီ ၃၊ ၂၀၂၃)

သက်ဆိုင်သူတွေသာ ဖတ်ခွင့်ရှိတဲ့စာရွက် စာတမ်းတွေကို Mar-a-Lago စံအိမ်မှာ ဖွက်ထားခဲ့တယ်ဆိုပြီး သမ္မတဟောင်း Donald Trump အပေါ်စွဲထားတဲ့ အမှုမှာ နောက်ထပ် စွဲချက်တွေ ထပ်တိုးတယ်လို့ တရားလိုရှေ့နေတွေဘက်က ပြောကြားလိုက်ပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေ ကြည့်လို့မရအောင် လုံခြုံရေးကင်မရာထဲက ပုံတွေကို ဖျက်ပစ်ဖို့ ကြိုးစားခဲ့လို့ သမ္မတဟောင်း Trump အပြင် သူ့ရဲ့ အမှုထမ်းတယောက်ကို တရားစွဲလိုက်တာဖြစ်ပါတယ်။

ကာကွယ်ရေးအချက်အလက်တွေအပါအဝင် နိုင်ငံတော်လှို့ဝှက်မှတ်တမ်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖယ်ဒရယ်အစိုးရရှေ့နေတွေက အရင်ထဲက Trump အပေါ် အမှုပေါင်း ၃၁ မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်၊ သမ္မတတာဝန်ပြီးဆုံးချိန်မှာ နိုင်ငံတော် မှတ်တမ်းရုံးကို ပြန်အပ်ရမယ့် စာရွက်စာတမ်းတွေကို ပြန်မအပ်ဘဲ Florida ပြည်နယ်မှာရှိတဲ့ Mar-a-Lago စံအိမ်ကို Trump ယူသွားခဲ့ပါတယ်။ မသက်ဆိုင်သူတွေ ဖတ်ခွင့်မရှိတဲ့ အချက်အလက်တွေကို စနစ်တကျ လုံခြုံအောင် သိမ်းဆည်းထားတာမျိုး မဟုတ်တာကြောင့် တရားစွဲခံနေရတာဖြစ်ပါတယ်။

အဲဒါကို စုံစမ်းစစ်ဆေးနေတဲ့သူတွေအနေနဲ့ လုံခြုံရေး မှတ်တမ်း Video တွေကြည့်လို့မရအောင် Mar-a-Lago စံအိမ်မန်နေဂျာကို လုံခြုံရေးကင်မရာက ပုံတွေ Trump ကဖျက်ခိုင်းခဲ့တယ်လို့ ဖယ်ဒရယ်အစိုးရ တရားလိုရှေ့နေတွေဘက်က သက်သေတွေ တင်ပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မန်နေဂျာ Carlos De Oliveira ကိုလည်း အမှုဖွင့်ထားပါတယ်။

Your browser doesn’t support HTML5

လုံခြုံရေး Video ပုံတွေဖျက်ဖို့ကြိုးစားမှုနဲ့ Trump အပေါ်အမှုထပ်တိုး