အမေရိကန်နိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ ဆိုးသွမ်းသူတွေကို ဖမ်းဆီးပြန်ပို့မယ်လို့ သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောထား တာကြောင့် တင်းမာနေတဲ့ အခြေအနေကို ပြေလျော့ဖို့ ကြိုးစားတဲ့အနေနဲ့ လူအမြောက်အများကို ပြန်ပို့တာမျိုး မလုပ်ပါဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက မက္ကဆီကိုကို ကတိပြုပြောဆိုပါတယ်။
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး John Kelly နဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ မက္ကဆီကိုသမ္မတ Enrique Pena Nieto အပါအဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ အဲဒီလို ကတိပေးပြောဆိုတာပါ။ အမေရိကန်နဲ့ မက္ကဆီကို နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရွှေ့ပြောင်းဝင်ရောက်တာလို ကိစ္စတွေမှာ ထိပ်တိုက်လုပ်မယ့် သမ္မတထရမ့်ပ်ရဲ့ ရပ်တည်ချက်အပေါ် မက္ကဆီကို မှာ စိုးရိမ်နေကြတာပါ။
အမေရိကန်မှာ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးပြန်ပို့တဲ့ကိစ္စမှာ အလုံးအရင်းနဲ့ ပြန်ပို့တာမျိုး လုပ်မှာမဟုတ်သလို စစ်တပ်ကို လဲ သုံးမှာမဟုတ်ပါဘူးလို့ ဝန်ကြီးကယ်လီက အလေးထားပြောပါတယ်။
အမေရိကန်နဲ့ မက္ကဆီကိုတို့ဟာ အင်အားကြီးတဲ့တိုင်းပြည်တွေ ဖြစ်ကြပြီး အခါအားလျော်စွာ သဘောထားကွဲပြားတာတွေရှိမှာ ဖြစ်ပေမယ့်လဲ သူ့ရဲ့ဆွေးနွေးပွဲတွေကတော့ အလုပ်ဖြစ်ပြီး အနာဂတ်ကိုဦးတည်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Tillerson က ပြောပါတယ်။
သမ္မတ Pena Nieto နဲ့ ဆွေးနွေးတဲ့အကြောင်းအရာ အသေးစိတ်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက မထုတ်ပြန်ပါဘူး။
Your browser doesn’t support HTML5
တရားမဝင်နေထိုင်သူတွေ မက္ကဆီကိုဘက်ခြမ်း အလုံးအရင်းနဲ့ ပြန်မပို့ဖို့ အမေရိကန် ကတိပြု