ယူအေအီးမှာ မြန်မာအလုပ်သမား ရာနဲ့ချီ ဒုက္ခရောက်နေ

  • ဇော်ဝင်းလှိုင်

UAE နိုင်ငံ၊ ဒူဘိုင်းမြို့မြင်ကွင်း (၂၀၂၂၊ဧပြီ)

[[Zawgyi/Unicode]]

အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်တချို့ရဲ့ လိမ်လည်ခေါ်ဆောင်မှုကြောင့် အာရပ် စော်ဘွားများပြည်ထောင်စု UAE နိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ဒူဘိုင်းရောက် မြန်မာလူမှုကူညီရေးအဖွဲ့တခုက ဗွီအိုအေကို ပြောပါတယ်။ အခုလို ဒူဘိုင်းကို လိမ်လည်ခေါ်ဆောင်တဲ့ အေဂျင်စီတွေဟာ တရားဝင်ခွင့်ပြုထားတဲ့အဖွဲ့အစည်းတွေမဟုတ်တဲ့အတွက် သူတို့ကို လူကုန် ကူးမှုဥပဒေအပြင် အလုပ်သမားရေးဥပဒေနဲ့ပါ အရေးယူသွားမယ်လို့ မြန်မာ အလုပ် သမားရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု UAE မှာ ဒုက္ခရောက်ပြီး အလုပ်အကိုင်မရှိ သောင်တင်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက အများစုဟာ မြန်မာပြည်တွင်းက အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းတချို့ရဲ့ စေလွှတ်မှုနဲ့ မကြာသေးခင်ကမှ ဒူဘိုင်းကို ရောက်သွားကြသူတွေ ဖြစ်ပါတယ်။ အေဂျင်စီတွေရဲ့လူကုန်ကူးမှုတွေအကြောင်း အွန်လိုင်းတွေမှာ ရေးသားကြတဲ့သတင်းတွေ ထွက်နေတာကြောင့်လည်း အလုပ်အကိုင်ရှာပေးတဲ့ ကြားခံအဖွဲ့အစည်းတွေက ရောက်လာသူတွေကို တစုတဝေးတည်းမထားဘဲ နေရာအနှံ့မှာ ခွဲထားလိုက်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ အများစုဟာ လျှောက်ထားတဲ့အလုပ်တွေမရဘဲ လအတော်ကြာ ဒူဘိုင်းမှာသောင်တင်နေကြတယ်လို့ ပြောပြပါတယ်။

"ကျနော်သိသလောက်ဆိုရင် ၂၀၀ ကျော်ကျော်လောက် ရှိတယ်။ ဒီမှာဆိုရင်၊ ကွက်ကျားကွက်ကျားတွေ ဖြစ်ကုန်တာပေါ့။ အရင်တုန်းကတော့ legal အေးဂျင့်တွေက တနေရာတည်းမှာ (လူတွေ) စုစုထားတယ်။ နောက်ပိုင်းမှာ အသုတ်ခွဲလိုက် တယ်။ ၂၀-၃၀ စီ ခွဲချလိုက်တယ်။ ၅၀ တသုတ်၊ ၄၀ တသုတ်နဲ့ အဲလိုမျိုးတွေ လုပ်ကြတာခင်ဗျ။ တချို့ကျတော့လည်း Oman (နိုင်ငံ) ကို ထပ်ဆင့်ကူးပြီး လူရောင်း ထပ်စားခံရတာတွေ ရှိတယ်။"

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း ဒူဘိုင်းမြို့က အခန်းတခုမှာ ပိတ်လှောင်ခံထားရတဲ့ မြန်မာအမျိုးသမီး ၈ ယောက်ဟာ လူမှုကွန်ရက်ပေါ်ကနေ တိုက်ရိုက် ဗွီဒီယို ထုတ်လွှင့်ပြီး အကူအညီတောင်းခဲ့ပါတယ်။ သူတို့ကို ကူညီပေးသွားမယ်လို့ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့က မြန်မာသံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ခေါ်ဆောင်မှုတွေဟာ လူကုန်ကူးမြောက်တာကြောင့် ILO နိုင်ငံတကာ အလုပ် သမားအဖွဲ့ချုပ်လို နိုင်ငံတကာအဆင့် အဖွဲ့အစည်းကြီးတွေအနေနဲ့လည်း တာဝန် ယူ ကူညီပေးဖို့ အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ LRDP က ကိုထွေးက ဗွီအိုအေကို ပြောပါတယ်။

" အဓိကတော့ international law နဲ့ကျနော်တို့က ကိုင်တွယ်ရမှာပေါ့၊ ဒီ migrant law နဲ့။ ဗမာပြည် law အရဆိုရင် ဒါအေဂျင်စီတွေ ချိုးဖောက်တာပေါ့။ တကယ်တမ်းကျတော့ စစ်အစိုးရလက်ထက်မှာ ဘာဥပဒေမှ မရှိဘူး၊ စစ်အစိုးရလည်း လုပ်ချင်ရာ လုပ်နေတဲ့ အခြေအနေဆိုတော့။ အဲဒီတော့ နိုင်ငံတကာ အဖွဲ့အစည်းဆိုရင် ILO ကနေ အဓိက action ယူရမှာပေါ့။"

အခုလို ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ လုပ်သားခေါ်ယူနေတဲ့ အေဂျင်စီတွေဟာ ဌာနဆိုင် ရာဘက်က ခွင့်ပြုထားတာမဟုတ်ကြောင်း မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒီအေဂျင်စီတွေကို လူကုန် ကူးမှုဥပဒေ၊ အလုပ်သမားဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူနိုင်တယ်လို့ သူကပြောပါတယ်။

" ဒူဘိုင်းကိုလွှတ်တဲ့ကုမ္ပဏီသည် တရားဝင်အေဂျင်စီ မဟုတ်ဘူးဗျ၊ သူ့ဟာသူ လိမ်လည် နာမည်တပ်ပြီးတော့ ကျနော်တို့ဆီမှာ registration မလုပ်ထားတဲ့ အေဂျင်စီက ပို့တာဖြစ်တယ်။ အဲဒီတော့ မှတ်ပုံမတင်ထားဘဲ၊ လိုင်စင်မရှိဘဲ လူပို့တဲ့အတွက် ဟိုဘက် (ပြည်ထဲရေး) က လူမှောင်ခိုလူကုန်ကူးမှုဆိုင်ရာ တည်ဆဲဥပဒေနဲ့ အရေးယူခံရမှာဖြစ်တယ်။ ဒီဘက်က အလုပ်သမားဝန်ကြီးဌာနကတော့ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့လည်း အရေးယူသွားမှာ ဖြစ်ပါတယ်။"

ပြည်တွင်းမှာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနာမည်ကိုခံပြီး ဒူဘိုင်းကို လုပ်သားစေလွှတ်နေတဲ့ လုပ်ငန်းတွေရှိသလို မြန်မာတယောက်ကို ကျပ်ငွေ ၄၈ သိန်းတောင်းပြီး ခေါ်ယူနေတဲ့ အေဂျင်စီတွေလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ UAE ကအလုပ်တွေကို တဆင့်မဟုတ်ဘဲ တိုက်ရိုက်လျှောက်ထားတာက အကောင်းဆုံးဖြစ်တယ်လို့ ဒူဘိုင်းကမြန်မာအဖွဲ့အစည်းတွေက ပြောပါတယ်။

Your browser doesn’t support HTML5

ယူအေအီးမှာ မြန်မာအလုပ်သမား ရာနဲ့ချီ ဒုက္ခရောက်နေ.mp3

------------------

[[Unicode]]

ယူအအေီးမှာ မွနျမာအလုပျသမား ရာနဲ့ခြီ ဒုက်ခရောကျနေ








