ရိုဟင်ဂျာတွေ နေရပ်ပို့ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အတွင်းဝန်အဆင့် အွန်လိုင်းက ဆွေးနွေး

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပစဉ်။ (၁၄-၆-၂၀၂၂ ရက်၊ နေပြည်တော်)


[[Zawgyi/Unicode]]

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးအစည်းအဝေးကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေ အင်္ဂါနေ့က အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပါတယ်။ အတွင်းဝန်တွေဖြစ်ကြတဲ့ ဦးချမ်းအေးနဲ့ မစ္စတာ မာစွတ် ဘင် မိုမမ် (Mr. Masud Bin Momen) တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်မှု၊ ပြန်လည်နေရာချထားရေးနဲ့ မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းတွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ကတော့ ၂၀၁၂ ခုနှစ်ကတည်းက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်၊ စခန်းတွေမှာ ထိန်းသိမ်းထားခဲ့တာဟာ ၂၀၁၆ နဲ့ ၂၀၁၇ မှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေအတွက် အခြေခံ ဖြစ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

၂၀၁၂ ကစပြီး ရိုဟင်ဂျာ ၁၃၅,၀၀၀ ဟာ ရခိုင်ပြည်နယ်က စခန်းတွေမှာလည်း ထိန်းသိမ်းခံခဲ့ရတယ်လို့ HRW အဖွဲ့က ဆိုပါတယ်။ “လွတ်လပ်ခွင့်လို့ ခေါ်တဲ့အရာမရှိ” လို့ ခေါင်းစဉ်ပေးထားတဲ့ ရိုဟင်ဂျာအရေး တင်ပြချက်တရပ်နဲ့ ပတ်သက်ပြီး ဒီနေ့ သတင်းထုတ်ပြန်ချက် မှာ HRW အဖွဲ့က ခုလို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

အဲဒီ တင်ပြချက်ကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ တင်ထားပါတယ်။ လူ့အခွင့်အရေး ချိုး‌ဖောက်သူတွေကို အရေးမယူနိုင်တဲ့အတွက် ရက်စက် ကြမ်းကြုတ်မှုတွေ ဆက်လက် ဖြစ်ခဲ့ရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာတွေ နေရပ်ပို့ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အတွင်းဝန်အဆင့် အွန်လိုင်းက ဆွေးနွေး

==============
[[Unicode]]







==============